Orio Economics

Pique your curiosity

၂၀၂၂ တွင် ထုတ်လုပ်ရေးဆက်လက်တိုးမြှင့်ရန် Tata Motors မျှော်လင့်ထား

မွမ်ဘိုင်းအခြေစိုက် ကားထုတ်လုပ်ရေးလုပ်ငန်း Tata Motors သည် အိန္ဒိယဘဏ္ဍာရေးနှစ် တတိယ ၃ လပတ် (၂၀၂၁ အောက်တိုဘာ-ဒီဇင်ဘာ) ကာလတွင် ကားအစီးရေ ၉၉,၀၀၂ စီး ရောင်းချခဲ့ရပြီး ယခင်ကပ်ဘေးစတင်ရာ ပထမနှစ်ကထက် ၄၄% ပိုမိုတိုးတက်လာသည်ဟု ဆိုသည်။
ကုမ္ပဏီသည် ၂၀၂၁ အတွင်း အသေးစား SUV မော်ဒယ် PUNCH ကို ပွဲထုတ်ခဲ့ပြီး ယခုနှစ်တွင် ဖေါက်သည်ပိုမိုရရှိရန် ပြင်ဆင်နေသည်ဟု အုပ်ချုပ်မှုဒါရိုက်တာ ချန်ဒရာ (Shailesh Chandra) က Press Trust of India – PTI သို့ ဖြေကြားခဲ့သည်။

“ဈေးကွက်တိုးတက်နေတဲ့ နေရာအသစ်တွေမှာ ကားမော်ဒယ်သစ်တွေ မိတ်ဆက်နိုင်ဖို့ ကျွန်တော်တို့ဆက်လုပ်သွားမှာပါ။ ပြီးခဲ့တဲ့ ၂ နှစ်လုံး ဒီလို မော်ဒယ်သစ်တွေမိတ်ဆက်တာကို ကျွန်တော်တို့ လုပ်လာခဲ့ပါတယ်။ ကားလောကမှာ ကျွန်တော်တို့ရဲ့ မိတ်ဆက်မှုအသစ်တွေဘယ်လောက်အားကောင်းတယ်ဆိုတာကို ခင်ဗျားတို့ မြင်ပြီးလောက်ပြီမို့ ဒါမျိုး ကျွန်တော်တို့ ဆက်လုပ်ဦးမှာပါ” ဟု ချန်ဒရာက ပြောကြားခဲ့သည်။

Tata ကုမ္ပဏီသည် PUNCH, Nexon, Harrier ကားများကို SUV များအဖြစ် ချစ်ပ်ပြားမလုံလောက်မှု၊ စရိတ်ချွေတာရမှုများကြားမှ စွန့်စားထုတ်လုပ်လိုနေသည်။
ထုတ်လုပ်ရေးပိုင်းအတွက် စိန်ခေါ်မှုများစွာကို လာမည့် လ အနည်းအထိ ကြုံနေရဦးမည်ဟု ချန်ဒရာက မှတ်ချက်ပြုသည်။

လျှပ်စစ်ကားများနှင့်ပတ်သက်၍မူ ကုမ္ပဏီသည် ဈေးကွက်ဝယ်လိုအားကို လေ့လာနေဆဲအခြေအနေဖြစ်သည်ဟု သူက ဆိုသည်။
တာတာကုမ္ပဏီသည် ခိုင်မာသောဝယ်လိုအားအခြေအနေရှိပြီး ရှည်လျားများပြားသော အမှာစာ စာရင်းကို ရရှိထားသည်ဟု သိရသည်။
ကုမ္ပဏီသည် Nexon နှင့် Tigor ကားများကို လျှပ်စစ်ကားများအဖြစ် ပြည်တွင်းဈေးကွက်တွင်ရောင်းချနေပြီး ပြီးခဲ့သည့် တတိယ ၃ လပတ်အထိ လျှပ်စစ်ကား အစီးရေ ၉၉၀၀ အထိ ရောင်းချထားနိုင်သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Times Now News
Image: Times Now

Leave a Reply

Your email address will not be published.