0

မတည့်တဲ့ နိုင်ငံနှစ်ခုကို တစ်ရက်တာပေါင်းကူးပေးခဲ့တဲ့ ကိုကာကိုလာရဲ့ ကြော်ငြာအိုင်ဒီယာ

Share

     လွန်ခဲ့တဲ့ ၇နှစ်ကာလ၊ မတ်လမှာ ကိုကာကိုလာက ဝန်ထမ်းတွေဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီက နာမည်ကြီးရှော့ပင်းမောတစ်ခုမှာ အအေးရောင်းတဲ့ စက်တစ်ခုကို တပ်ဆင်နေကြပါတယ်။ ဒါပေမဲ့ ဒီစက်ဟာ ပုံမှန် ငွေအကြွေစေ့ထည့်လိုက်ရင် အအေးဘူးထွက်ကျလာတဲ့ စက်နဲ့ မတူပဲ တီဗွီဖန်သားပြင်လို မျက်နှာပြင်အကြီးကြီးတစ်ခုပါနေတာပါ။ ရှော့ပင်းမောရဲ့ ပရိုမိုးရှင်းနေရာမှာ ဝန်ထမ်းတွေက အားကြိုးမာန်တက် ပြင်ဆင်နေကြတာကို လူတွေကလည်း စိတ်ဝင်တစား ကြည့်နေကြပါတယ်။ မကြာခင်မှာ ပြင်ဆင်တာတွေပြီးလို့ လူတွေကို ရှေ့တိုးကြည့်ဖို့ ဝန်ထမ်းတွေက ဖိတ်ခေါ်လိုက်ပါတယ်။ အဲအချိန်မှာပဲ စက်ပေါ်က တီဗွီဖန်သားပြင်ထဲမှာ သူတို့လိုပဲ လူအုပ်ကြီးကို တွေ့လိုက်ရပါတယ်။ အစကတော့ ငါတို့ကို ကင်မရာနဲ့ရိုက်ပြီး ပြန်ပြနေတာလားလို့ ထင်ကြပေမဲ့ တကယ်ကတော့ အဲဒါ သူတို့မဟုတ်ပါဘူး။ အဲဒီ ထဲကသူတွေဟာ ပါကစ္စတန်က လူတွေဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ရှိ ရှော့ပင်းမောမှာဆင်ထားတဲ့ ဒီလိုပုံစံတူ စက်တစ်ခုကို သူတို့လိုပဲ ဝိုင်းအုံကြည့်နေကြတာပါ။ အဲဒီနောက်မှာတော့ ကိုကာကိုလာဝန်ထမ်းတွေက နိုင်ငံနှစ်နိုင်ငံရဲ့ တစ်ရက်တာပေါင်းကူးတံတာားလေး ဖွင့်လှစ်လိုက်ပါပြီလို့ကြေငြာလိုက်ပါတယ်.
     တကယ်တော့ ဒီစက်ရဲ့ နာမည်ကို “ကမ္ဘာငယ်လေး”လို့ပေးထားပြီးတော့ နိုင်ငံရေး၊ စစ်ရေးအရ တစ်ချိန်လုံးတင်းမာနေတဲ့ နိုင်ငံနှစ်နိုင်ငံကလူတွေကို ဆုံဆည်းစေဖို့ရည်ရွယ်ပြီး လုပ်ဆောင်လိုက်တဲ့ ကြော်ငြာကမ်ပိန်းလေးရဲ့ အဓိက ဇာတ်ကောင်လဲဖြစ်ပါတယ်။ ကြော်ငြာအေဂျင်စီဖြစ်တဲ့ Leo Burnett က ကိုကာကိုလာအတွက် စိတ်ကူးစိတ်သန်းထုတ်ပြီး လုပ်ပေးခဲ့တဲ့ ဒီကမ်ပိန်းမှာဆိုရင် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကသူတွေဟာ စက်ရဲ့ဖန်သားပြင်ပေါ်မှာပေါ်လာတဲ့ အသည်းပုံတွေ၊ ငြိမ်းချိမ်းရေးအမှတ်အသားတွေ ဒါမှမဟုတ် အတူတူကလိုက်ပါ၊ လက်ချင်းအပ်ပြီးနှုတ်ဆက်ပါ စသည်ဖြင့်ညွှန်ကြားချက်တွေကို အတူတူလက်တွဲလုပ်ဆောင်ရင်း ကိုကာကိုလာဘူးလေးတွေ လက်ဆောင်ရယူနိုင်အောင် လုပ်ပေးထားတာပဲဖြစ်ပါတယ်။ ကိုကာကိုလာနဲ့ Leo Burnet တို့ဟာ အဲဒီအချိန်တုန်းက ပထမဆုံးနည်းပညာလို့ ဆိုရမဲ့ 3D touch screen နည်းပညာကို သုံးပြီး မိုင်ပေါင်း ၃၂၅မိုင် ဝေးကွာနေတဲ့ နိုင်ငံနှစ်ခုက သူတွေကို ပြန်ဆုံဆည်းစေခဲ့တာပါ။ တကယ်တော့ ပါကစ္စတန်ခွဲမထွက်ခင်ကဆို တရေတည်း၊ တမြေတည်း နေခဲ့ကြတဲ့ ညီအစ်ကိုမောင်နှစ်မတွေ မဟုတ်လား။

     စနှုတ်ဆက်လို့ရပြီဆိုတဲ့အချိန်မှာ အားလုံးက ရှက်ရွံ့ရွံ့ဖြစ်နေကြပေမဲ့ နောက်ပိုင်းမှာ ခံစားချက်တွေ အပြည့်နဲ့ ပါဝင်ဆင်နွှဲကြပါတော့တယ်။ ဒီထဲမှာ ပါဝင်နေတဲ့သူတွေအကုန်လုံးဟာ သရုပ်ဆောင်တွေ မဟုတ်ကြဘဲ အဲ့နေကြမှ ရှော့ပင်းမောထဲမှာရောက်နေကြတဲ့ သာမန်ပြည်သူတွေဖြစ်ပြီး သူတို့ရဲ့ ပျော်ရွှင်မှုတွေ၊ ကြည်နူးမှုတွေအကုန်လုံးဟာ အမှန်တကယ် အစစ်အမှန်တွေပဲဖြစ်ပါတယ်။ နှစ်ဘက်ရိုက်ကူးရေးအဖွဲ့တွေကလည်း တစ်ညလုံးမှတ်တမ်းတင်ထားပြီး ဟိုဘက်ဒီဘက် ပါဝင်နှုတ်ဆက်မှုပေါင်း အကြိမ်ရေ ၁၀၀ကျော်ရှိခဲ့ကာ ပါဝင်ခဲ့တဲ့ သူတွေကလည်း ကျား၊မ မရွေး အရွယ်စုံ၊ လူတန်းစားအစုံဖြစ်ပါတယ်။ နောက်ပိုင်းမှာ အတူတူကဖို့ ညွှန်ကြားချက်ပေးခံရတဲ့ ကောင်လေး၂ယောက်ဆို စက်မှာ စက္ကန့်ခြောက်ဆယ် ပြည့်လို့ ကုတ်ဘူးတောင်ထွက်လာပြီ ဖြစ်ပေမဲ့ သူတို့နှစ်ယောက်ဟာ မရပ်ကြသေးဘဲ နောက်ထပ် ၃မိနစ်လောက် မောဟိုက်နေအောင် အတူတူဆက်ကခဲ့ကြတာပါ။
     ၁၀နာရီကျော်ကြာခဲ့တဲ့ ဒီရိုက်ကူးရေး အပြီးမှာတော့ ဟိုဘက်ဒီဘက် ပရိတ်သတ်တွေဟာ သီချင်းတွေအတူတူအော်ဆိုရင်း၊ မျက်ရည်တွေဝဲကာ လက်ပြရင်းနဲ့ နှုတ်ဆက်ခဲ့ကြပါတော့တယ်။ နောက်ဆုံးအနေနဲ့ ဟိုဘက်ဒီဘက် ကိုကာကိုလာ အဖွဲ့သားတွေလည်း ပြီးဆုံးသွားတဲ့ ကမ်ပိန်းလေးအတွက် စက်ပေါ်မှာပဲ အောင်ပွဲခံ နှုတ်ဆက်လိုက်ကြပါတယ်။ အဲဒီနေ့က လုပ်ခဲ့တဲ့ ကမ်ပန်းရဲ့ ဆောင်ပုဒ်ကို “What unites us is stronger than what set us apart” လို့ပေးထားပြီး ကျွန်တော်ကတော့ မြန်မာဆန်အောင် “ရေမြေတွေ အဝေးကြီးခြားလည်း၊ မေတ္တာတရားက ပြန်လည်ပေါင်းစည်းပေးနိုင်ပါတယ်” လို့ ဘာသာပြန်လိုက်ရပါတယ် ခင်ဗျား။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Creative Guerrilla Marketing
Photo: Clio Awards

%d bloggers like this: