Shale ဆိုတဲ့ စကားလုံးကို ပထဝီမှာတော့ ယှေလကျောက် (သို့မဟုတ်) နှုန်းကျောက်အဖြစ် ဘာသာပြန်ထားပါတယ်။ Shale Oil Production ဆိုတာကတော့ ဒီနှုန်းကျောက်ထဲမှာ ရှိနေတဲ့ ရေနံကို ထုတ်ယူတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒီနည်းပညာဟာ ပုံမှန် ရှေးရိုးရေနံတူးနည်းတွေလို မြေကြီးဖောက်တဲ့ လွန်သွားတွေနဲ့ တူးတာမဟုတ်ဘဲ Hydraulic Fracking ဆိုတဲ့ ရေဖိအားသုံး ကျောက်ခြေဖျက်နည်းကို သုံးပြီးထုတ်ယူရတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရေနံထုတ်ယူလို့ရတဲ့ ယှေလကျောက်တွေကို အက်စတိုးနီးယားနိုင်ငံမှာ အများဆုံးတွေ့ရှိရပါတယ်။ သူနောက်မှာတော့ တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့က အစဉ်လိုက်အတိုင်း တည်ရှိနေပါတယ်။ အရင်တုန်းက Hydraulic Fracking (ရေဖိအားသုံး ကျောက်ခြေဖျက်နည်း) ကိုမတွေ့ရှိခင်အချိန်က ယှေလကျောက်တွေကို မိုင်းခွဲတူးယူ၊ ပြီးတော့ ကိုယ့်နိုင်ငံမှာ သန့်စင်တဲ့ စက်ရုံရှိရင် စက်ရုံမှာ ပြန်သန့်စင် ချက်လုပ်၊ ဒါမှမဟုတ် အရိုင်းအတိုင်း သင်္ဘောတွေနဲ့ တင်ပို့ ဒီလိုမျိုး ထုတ်လုပ်ကြတာပါ။
Horizontal Drilling & Hydraulic Fracking
ရှေးရိုးရေနံတူးနည်းက လွန်သွားနဲ့ ရေနံသိုက်ရှိတဲ့နေရာကို အောက်တည့်တည့်ဖောက်တူးပြီး ထုတ်လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ယှေလကျောက်ထဲက ရေနံကို တူးယူချင်ရင်တော့ ဒီနည်းနဲ့မရပါဘူး။ ဒီအခါမှာ အမေရိကန်တွေဟာ ရေပြင်ညီ လွန်းဖောက်ခြင်းဆိုတဲ့ Horizontal Drilling နည်းကိုတီထွင်ခဲ့ပါတယ်။ ပုံကိုကြည့်ရင်တော့ ပိုရှင်းမှာပါ။ ဒီနည်းက ပထမတော့ အရင်အတိုင်း မြေကြီးအောက်တည့်တည့် ယှေလကျောက်ရှိတဲ့ အလွှာကိုရောက်အောက် လွန်သွားကို ဖောက်ချလိုက်ပါတယ်။ သတ်မှတ်ထားတဲ့ နေရာရောက်တာနဲ့ ၉၀ ဒီဂရီ ချိုးချလိုက်ပြီး ရေပြင်ညီတည့်တည့် ပေ ၁၀၀၀၀ လောက်ဆက်ဖောက်သွားတာပါ။ ကိုယ်လိုချင်တဲ့ နေရာရောက်ပြီဆိုတာနဲ့ Hydraulic Fracking စပါပြီ။
ရေဖိအားသုံး ခြေဖျက်ခြင်းဆိုတဲ့ အတိုင်း ဒီအဆင့်မှာ ကျောက်အလွှာကို လွန်သွားနဲ့ မတူးတော့ဘဲ ရေ၊ ဓါတုဗေဒ ဆေးရည်၊ သဲ စတာတွေကို ပိုက်လိုင်းတလျောက် ပြင်းထန်တဲ့ ဖိအားနဲ့ ပို့လွှတ်ပြီး ရေနံတွေအောင်းနေတဲ့ ကျောက်အလွှာကို ခြေဖျက်ပစ်လိုက်တာပါ။ ရေနဲ့အတူ ရောထည့်ပေးလိုက်တဲ့ ဓါတုဗေဒဆေးရည်နဲ့ ကျောက်ထဲမှာရှိတဲ့ ရေနံတွေ ဓါတ်ပြုမှုကြောင့် ထွက်လာတဲ့ ရေနံစိမ်းဟာ သန့်စင်ဖို့ အဆင့်နည်းနည်းပဲလိုတဲ့ အထိအောင် အရည်အသွေးကောင်းမွန်ပါတယ်။ သဲထည့်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ တကယ်လို့ ပိုက်ကို ပြန်ဆွဲထုတ်လိုက်ရင် တွင်းနံရံတွေပြိုကျတာကို တားဆီးဖို့အတွက် ဖြစ်ပါတယ်။
ဒီနည်းပညာကို တွေ့ရှိပြီးနောက်မှာ အမေရိကန်နိုင်ငံဟာ ၂၀၁၁ ကစလို့ နိုင်ငံရဲ့ နေ့စဉ် ရေနံစည်ထုတ်လုပ်မှုပမာဏ တရိပ်ရိပ်တက်ခဲ့ပြီး အရင်တုန်းကလို ရေနံနဲ့ စွမ်းအင်အတွက် အရှေ့အလည်ပိုင်း နိုင်ငံတွေကို မှီခိုစရာ မလိုတော့တဲ့ အခြေအနေဖြစ်လာပါတယ်။ နောက်ပိုင်းနှစ်တွေမှာဆိုရင် နေ့စဉ် ရေနံထုတ်လုပ်မှုမှာ ဆော်ဒီ၊ ရုရှား စတဲ့ နိုင်ငံတွေကိုပါ ကျော်တက်လာခဲ့တာပါ။
Hydraulic Fracking လုပ်ပြီး Shale Oil ထုတ်လုပ်တဲ့ပုံဖြစ်ပါတယ် (Photo : theconversation)
ရေဖိအားသုံး ကျောက်ခြေဖျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး
ဒီလိုနဲ့ နည်းပညာကို ရပြီးနောက်ပိုင်းမှာ အမေရိကန်ကုမ္ပဏီတွေဟာ အပြိုင်အဆိုင် ရေနံတူးကြပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ သူတို့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ ထိပ်တိုက်တွေ့ရမဲ့ ကိန်းဆိုက်ခဲ့ပါတယ်။ အကြောင်းကတော့ ဒီ Fracking ဆိုတဲ့ နည်းဟာ နာမည်နဲ့လိုက်အောင် ရေကို ဂါလံနဲ့ချီပြီး အသုံးပြုရတာပါ။ တွင်းအသစ်တစ်တွင်း တူးပြီဆိုရင် မြို့သုံးမြို့စာလောက်ကို ပေးဝေလို့ရတဲ့ ရေဂါလံပမာဏကို သုံးရပါတယ်တဲ့။ ဒီတော့ နယ်ခံတွေရဲ့ ရေသယံဇာတကို လုပြီးသုံးသလိုဖြစ်နေတဲ့အတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ရဲ့ဆန္ဒပြမှုကို ခံခဲ့ရပါတယ်။ နောက်ပြီး အပေါ်မှာပြောခဲ့သလိုပဲ ရေလိုင်းထဲမှာ ရောထည့်ပေးလိုက်တဲ့ ဓါတုဗေဒ ဆေးရည်ဟာ အရမ်းကို အန္တရယ်များပါတယ်။ ခုချိန်ထိတော့ လူတွေသုံးစွဲနေတဲ့ မြေအောက်ရေကြောကို ဒီဆေးရည်တွေ စိမ့်လာတဲ့ မှတ်တမ်းမရှိသေးပေမဲ့ နယ်ခံတွေကတော့ မျက်ခုံးခပ်လှုပ်လှုပ်နဲ့ သုံးနေရတာပါ။ ပြီးတော့ ပြီးတော့ ကျောက်ခြေဖို့အတွက် ရေကို ပြင်းထန်တဲ့ ဖိအားနဲ့ မောင်းထည့်နေတာဖြစ်လို့ အနီးနားက မြေလွှာတွေကို မငြိမ်မသက်ဖြစ်စေပါတယ်။ တကယ်လို့များ ဒီနယ်မြေတွေမှာ ငလျှင်လှုပ်တာသာဖြစ်ခဲ့ရင် အရင်ထက် ပိုမိုဆိုးဝါးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးကိုခံစားရမှာပါ။
ရေနံကုမ္ပဏီတွေရဲ့ အလားအလာ
အမေရိကန် ရေနံကုမ္ပဏီတွေဟာ ၂၀၁၄ တုန်းက တစ်ခါ စီးပွားရေးအကြပ်အတည်းနဲ့ ကြုံခဲ့ရပါသေးတယ်။ ၂၀၁၁ ကစလို့ တရိပ်ရိပ်နဲ့ အင်တိုက်အားတိုက်တူးလာခဲ့တာ ၂၀၁၄ ရောက်တော့ ဈေးကွက်မှာ ရေနံတွေ ဖောဖောသီသီဖြစ်ပြီး ဈေးလည်းထင်သလောက်မကောင်းတော့ပါဘူး။ အဲဒီမှာ ကုမ္ပဏီအများစုက ချေးငွေနဲ့ ထူထောင်ထားတာဖြစ်လို့ အရှိုက်ထိပြီး တော်တော်များများ ပြိုလဲခဲ့ဖူးပါတယ်။ ခုလည်း OPEC နဲ့ ရုရှားတို့ရဲ့ ရေနံဈေးနှုန်း ပြိုင်ပွဲမှာ အမေရိကန် Shale Oil ကုမ္ပဏီတော်တော်များများ အထိနာဖို့ ရှိပါတယ်။ ထိတဲ့သူတွေလည်း ထိပြီးကုန်ပါပြီ။ ဒီအကြောင်းကိုတော့ နောက်ပိုင်းမှာ သပ်သက်ထပ်ရေးပေးမှာဖြစ်လို့ US Shale Oil Production အကြောင်းကို တီးမိခေါက်မိအောင် တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: the balance, wikipedia