Masks တွေ social distancing တွေနဲ့ ဝေးကွာလွန်းလှတဲ့ စားပွဲဝိုင်းတွေဟာ လာရောက် စားသောက်သူတွေအတွက် အဆင်ပြေလှတဲ့ ပတ်ဝန်းကျင်တော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ရဖို့ ဒီလို စိတ်ကျဉ်းကြပ်စရာကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရဦးမှာပါ။
စားသောက်ဆိုင်တွေအပါအဝင် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေအားလုံး ကိုရိုးနားဗိုင်းရပ်စ်ရိုက်ခတ်မှု ဒဏ်ကိုကောင်းကောင်းကြီးခံစားခဲ့ပြီးပါပြီ။ အမေရိကန်မှာ ပြီးခဲ့တဲ့ဧပြီလအထိ စားသောက်ဆိုင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၀ ဘီလျံထိ ဆုံးရှုံးခဲ့ပြီး အင်္ဂလန်မှာ သတင်းပတ် ၆ ပတ်အတွင်း ဧည့်ဝန်ဆောင်မှု လုပ်ငန်းရဲ့ဝင်ငွေ ၉၇ %ထိ ကျဆင်းခဲ့ပြီးပါပြီ။
စားသောက်ဆိုင်တွေဟာ ကပ်ရောဂါအတွင်းမှာ သူတို့လုပ်ငန်းကို ကယ်တင်ဖို့ပါဆယ်ရောင်းတာ delivery လိုက်ပို့တာ စတဲ့ နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြပါတယ်။ အခုမြို့တော်တော်များများမှာ အစိုးရက lock-down ဖြေလျှော့မှုတွေပေးလိုက်တော့ စားသောက်ဆိုင်တွေ ပြန်ဖွင့်တဲ့အခါ လူတွေအတွက် လုံခြုံမှုရှိစေမဲ့ နည်းလမ်းတွေကို တီထွင်ဖန်တီးလာကြပါတယ်။ သုတေသနပြုသူတွေက တဖန်ပြန်လည်နိုးထလာပြီး စည်းကမ်းတင်းကြပ်ထားတဲ့ စားသောက်ဆိုင်တွေဟာ ဂျွန်လမှစလို့နှစ်ကုန် ဒီဇင်ဘာလအထိ ရှိနေမယ်လို့ခန့်မှန်းထားပါတယ်။
လန်ဒန်၊ နယူးယော့ နဲ့ ပဲရစ်တို့မှာ ဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်ထားတဲ့ D&D London စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ Des Gunewardena ကတော့ သူ့ရဲ့ဝန်ထမ်းတွေနဲ့ လာရောက်စားသောက်သူတွေ လုံခြုံစိတ်ချရမှု ခံစားမိစေဖို့က ပထမ ဦးစားပေးဖြစ်ကြောင်းနဲ့ စားသောက်ဆိုင်တွေပြန်ဖွင့်ဖို့ စားပွဲတွေ တခုနဲ့တခု ချဲပြီးနေရာချတာ၊ သူများနဲ့မတူ ထူးခြားတဲ့ ကာကွယ်ရေး ဝတ်စုံဝတ်ဆင်တာမျိုးတွေစတင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ သို့သော်လည်း လူတွေကို လာရောက်စားသောက်ဖို့ ဆွဲဆောင်ရတာ ခက်ခဲနေတယ်လို့ဆိုပါတယ်။ “Safety က အရေးအကြီးဆုံးဆိုတာ နားလည်ပေမဲ့ လူတွေလာရောက် စားသောက်တဲ့အခါ အပန်းပြေ စိတ်ကျေနပ်စေမဲ့ ပတ်ဝန်းကျင်မျိုးဖြစ်အောင် ဖန်တီးရတာ အလွန် ခက်ခဲတယ်” လို့သူကဆိုပါတယ်။
“လူတွေ ကျွန်တော့်စားသောက်ဆိုင်ကို လာစားရင် ဆေးရုံတရုံရောက်နေသလို မခံစားစေချင်ဘူး။ လုံခြုံမှုလဲရှိရမယ်၊ အရင်ကလို သူငယ်ချင်းတွေနဲ့ စကားတွေဖောင်ဖွဲ့ရင်း ပျော်ပျော်ရွှင်ရွှင် စားသောက်စေချင်တယ်” လို့သူကဆိုပါတယ်။ ဒါ့ကြောင့် သူ့ရဲ့စားသောက်ဆိုင်ကို ပြင်ဆင်မှုအသစ်တွေအဖြစ် စားပွဲတခုနဲ့တခု အကွာအဝေးကြားမှာ အပင်တွေနဲ့ အခင်းအကျင်းအသစ်လေးတွေ ဖန်တီးထားတယ်လို့ဆိုပါတယ်။
စားသောက်ဆိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ Capital Spring ကတော့ တမူထူးခြားတဲ့ အိုင်ဒီယာတွေ အသုံးပြုထားပါတယ်။ စားသောက်စားပွဲတွေ တခုကျော်တွေမှာ မော်ဒယ်ရုပ်ထုတို့ တိရိစ္ဆာန်ရုပ်တွေ ထားထားပေးထားတာပါ။
အမ်စတာဒမ်က စားသောက်ဆိုင်တခုကတော့ ဖန်လုံအိမ်လေးတွေနဲ့social distancing ပြုလုပ်ပေးထားပါတယ်။ ဝိတ်တာတွေက ဟင်းပွဲတွေလာချတဲ့အခါ ရှည်လျားလှတဲ့ လင်ဗန်းတွေနဲ့ ဖန်လုံအိမ်ထဲကို အရောက်ပို့ပေးတာကြောင့် ဝိတ်တာနဲ့စားသောက်သူတွေ ထိတွေ့မှုမရှိစေတော့ပါဘူး။ ဒီအိုင်ဒီယာကြောင့် D&D London က ဝိတ်တာတွေအစား ဖုန်းကတဆင့် စားစရာတွေ အော်ဒါမှာဖို့နဲ့ စက်ရုပ်တွေကို အစားထိုးအသုံးပြုဖို့ကြံစည်နေပါတယ်။ စက်ရုပ်အတွက် ပေါင် ၇၀၀၀၊၈၀၀၀ လောက် ကုန်ကျမှာဖြစ်ပေမဲ့ လူအချင်းချင်းထိတွေ့မှု မရှိစေတဲ့အတွက် ဒါဟာ တကယ်အသုံးဝင်တဲ့ နည်းလမ်းဖြစ်စေမှာပါ။ ရေရှည်မဟုတ်ပေမဲ့ ပျော်ဖို့ကောင်းတဲ့ အစီအစဉ်တခုပါလို့ Gunewardena ကဆိုပါတယ်။
Table spacing ဟာအလွန်အရေးကြီးတဲ့အချက် တချက်ပါ။ WHO က ရုံးမှာ အပြင်မှာ လူတဦးနဲ့ တဦး ၁ မီတာ အကွာအဝေးမှာပဲရှိရမယ်လို့ဆိုထားပြီး U.K နဲ့U.S မှာတော့ ၂ မီတာ ကွာဝေးရမယ်လို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။
သို့သော်လည်း ၂ မီတာ ဆိုတာ စားသောက်ဆိုင်တော်တော်များများကို အကြပ်တွေ့နေစေပါတယ်။ G&G London ရဲ့CEO ဖြစ်သူက “ကျွန်တော်တို့ စားသောက်ဆိုင် အကျယ်အဝန်းပေါ်မှာ ၁ မီတာ အကွာဆို ကိစ္စမရှိပေမဲ့ ၂ မီတာ ကွာခိုင်းမယ်ဆိုရင် ကျွန်တော်တို့ capacity ရဲ့၆၅% ကိုဖြတ်တောက်လိုက်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် နေ့လည်စာစားချိန်ကို ၁၁ နာရီကနေ နေ့လည် ၃ နာရီ ထိ ဆိုင်ဖွင့်ချိန်ကို တိုးလိုက်မှရမယ်” လို့သူက ဆိုပါတယ်။
နေရာ အကျယ်အဝန်းပိုရရှိဖို့အတွက် အင်္ဂလန်က စားသောက်ဆိုင်ပိုင်ရှင်တွေကတော့ အိမ်ရှင်တွေနဲ့နေရာထပ်ချဲ့ခွင့်ရအောင် ညှိနှိုင်းနေကြပါတယ်။ အပြင် outdoor space တွေမှာ စားပွဲတွေချဖို့၊ ခေါင်မိုးထပ်မှာ ဥယျာဉ်ငယ်လေးတွေ ဖန်တီးပြီး စားပွဲတွေခင်းကျင်းဖို့အတွက် အဆောက်အဦးပိုင်ရှင်တွေနဲ့ညှိနှိုင်းနေတယ်လို့ D&D’s 14 Hills စားသောက်ဆုင်မန်နေဂျာက ဆိုပါတယ်။ အချို့စားသောက်ဆိုင်တွေကတော့ လာရောက်စားသောက်သူ လူဦးရေကိုထိန်းချုပ်ဖို့မလာခင် booking တင်ခိုင်းတာမျိုးလည်း လုပ်ဆောင်နေပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news