တရုတ်အစိုးရက ချုပ်ကိုင်ထားပြီး တရုတ်၏ အကြီးဆုံးကားထုတ်လုပ်သူ (MG brand ပိုင်ရှင်) SAIC Motor က ဉရောပ၌ ပထမဆုံးကားစက်ရုံကို တည်ဆောက်ကာ လျှပ်စစ်ကားများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ MG ကားများကို တရုတ်သို့မပြောင်းရွှေ့မီ ၂၀၁၆ ခုနှစ်အထိ UK ၌ရာစုနှစ်ကျော်ကြာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ MG, IM, Maxus စသည့် brand များစွာပိုင်ဆိုင်ထားသည့် SAIC ကစက်ရုံသစ်တွင် မည်သည့် ကား brand ထုတ်လုပ်သွားမည်ကို အတည်မပြုရသေးဟု SAIC တာဝန်ရှိသူကဆိုသည်။ ယခုနှစ် ပထမဆုံး ၃လအတွင်း တရုတ်ပြင်ပ ကားရောင်းအား ၄၀% မြင့်တက်ခဲ့သည်ဟုလည်း SAIC ကဆိုသည်။
၂၀၁၆ ခုနှစ်ကစ၍ Birmingham ရှိ MG ကားတပ်ဆင်ရေးစက်ရုံကို တရုတ်ကရပ်တန့်ခဲ့ကာ ဗြိတိန်နိုင်ငံနှင့် ဉရောပသို့ အသင့်စီးနင်းနိုင်သည့် တပ်ဆင်ပြီးသားကားများကိုသာ တင်သွင်းခဲ့သည်။ Birmingham, Longbridge စက်ရုံကို ၁၉၀၆ ခုနှစ်တွင်စတင်ပြီး ပထမ၊ ဒုတိယ ကမ္ဘာစစ်ကိုပါဖြတ်ကျော်ကာ MG, original mini ကားများထုတ်လုပ်ခဲ့သည်။ ထို့နောက် စစ်လွန်ကာလတွင် စီးပွါးရေးကျဆင်းခြင်းကြုံခဲ့ရပြီး နိုင်ငံခြားကားထုတ်လုပ်သူများလည်း အလျှိုလျှိုပေါ်ထွက်ခဲ့ကြသည်။ ထို့နောက် ဆန္ဒပြ သပိတ်မှောက်ခြင်း၊ လုပ်ငန်းခွဲထွက်ခြင်း၊ လွှဲပြောင်းခြင်း၊ ရှယ်ယာတန်ဖိုးကျဆင်းခြင်းဒဏ်များကိုလဲ ခံစားခဲ့ရသည်။ ၂၀၀၅ ခုနှစ်တွင် MG Rover ပြိုလဲပြီးနာက် ထုတ်လုပ်ရေးစက်ရုံအား ရ်တန့်ပစ်ခဲ့ပြီးနောက် SAIC ကလွှဲပြောင်းရယူခဲ့သည်။
၂၀၁၁ ခုနှစ်တွင် MG6 ကိုစတင်ထုတ်လုပ်ခဲ့ပြီး ၁၆ နှစ်အကြာ၌ Longbridge တွင်တပ်ဆင်သည့် ပထမဆုံး MG ကားလည်းဖြစ်သည်။ ၅ ယောက်စီးကားပုံစံကို UK တွင်ဒီဇိုင်းထုတ်ခဲ့သော်လည်း ကားအစိတ်အပိုင်းများကို တရုတ်၌ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
SAIC, Geely, Great Wall စသည့်တရုတ်ကားထုတ်သူများသည် မကြာမီကာလအတွင်း တိုးတက်လာမည့် ကားဈေးကွက်ကို ကြိုမြင်ခဲ့ကြသူများဖြစ်သည်။ ယူကရိန်းစစ်ကြောင့် အနောက်နိုင်ငံများက ဆန်ရှင်ချထားသည့် ရုရှားသို့ တရုတ်လျှပ်စစ်ကားတင်ပို့မှုမှာ သိသိသာသာမြင့်တက်လာခဲ့သည်။
ပထမသုံးလအတွင်း၌ပင် တရုတ်က ကားတင်ပို့မှု ၁ သန်းကျော်ရှိနေပြီး ကမ္ဘာကားတင်ပို့မှု အမြင့်ဆုံး ဂျပန်ထက် ကျော်တက်မည့် အလားအလာတွင်ရှိနေသည်။ SAIC ကတရုတ်၌ ကားစက်ရုံများရှိသကဲ့သို့ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ပါကစ္စတန်တွင်လည်း ထုတ်လုပ်လျက်ရှိသည်။
ဂျာမန်ကားထုတ်သူ Volkswagen, US ကားထုတ်သူ General Motors တို့နှင့် ဖက်စပ်လုပ်ကိုင်သည့် တရုတ်ကုမ္ပဏီသည် ယမန်နှစ်က ကမ္ဘာတဝှမ်းတွင် ကားအစီးရေ ၅.၃ သန်း ရောင်းချခဲ့သည်။ ဥရောပသည် ၎င်း၏အကြီးဆုံးပြည်ပဈေးကွက်ဖြစ်ပြီး ကားအစီးရေ ၁၀၀,၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း SAIC ကပြောကြားခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC, SAIC
Photo: Getty Images
(ဤဆောင်းပါးကဏ္ဍကို CHANCELLOR LUXURY (REALTY) က ပံ့ပိုးပေးထားပါသည်။)