နျူအညစ်အကြေးကြောင့် ဂျပန်ထံမှ တရုတ်ပင်လယ်စာ ဝယ်ယူမှု ၆၇% ကျဆင်း

Share

ပျက်စီးနေသည့် ဖူကူရှီးမား နျူကလီးယားဓါတ်‌‌ပေါင်းဖိုမှ သန့်စင်ထားသောရေဆိုးများ ထုတ်လွှတ်မည်ဆိုသည့်သတင်းကြောင့် တရုတ်က ဂျပန် ပင်လယ်စာဝယ်ယူမှု ၆၇.၆% ကျဆင်းသွားခဲ့သည်။ တရုတ်သည် တကမ္ဘာလုံးတွင် ပင်လယ်စာ အများဆုံး ဝယ်ယူသူဖြစ်ပြီး ယခင်နှစ်က ပင်လယ်စာတင်သွင်းမှုပမာဏ အမေရိကန် ဒေါ်လာ ၅၇၁ သန်း (ယန်း ၈၄.၄ ဘီလီယံ) ရှိခဲ့သည်။

ဂျပန်က သန့်စင်ပြီးရေဆိုးများ ထုတ်လွှတ်တော့မည့် သတင်းထွက်ပေါ်လာပြီးနောက် ပင်လယ်စာတင်ပို့မှု ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် ဆူနာမီ ကြောင့် ဖူကူရှီးမား နျူကလီးယား ဓါတ်ပေါင်းဖို ဆိုးရွားစွာပျက်စီးခဲ့ရပြီးနောက် တန်ချိန်သန်းနှင့်ချီသော ရေဆိုးများကို အဆိုပါနေရာတွင် ထိန်းသိမ်းထားခဲ့သည်။ သြဂုတ်လ ၂၄ ရက်နေ့တွင် ဂျပန်က သန့်စင်ပြီး ရေဆိုးများ စတင်ထုတ်လွှတ်ခဲ့ပြီးနောက် ယင်းလုပ်ဆောင်ချက်သည် နောက်နှစ်ပေါင်း ၃၀ အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ ထိုနေ့မှစ၍ တရုတ်က ဂျပန်ပင်လယ်စာတင်သွင်းမှု ကန့်သတ်ရန်ကြေညာခဲ့သည်။ အဆိုပါသတင်းက တရုတ်တွင်သာမက ဂျပန်နှင့် အိမ်နီးချင်းနိုင်ငံများကိုပါ ရိုက်ခတ်လာခဲ့ပြီး အခြားနိုင်ငံများ၏ ပင်လယ်စာလုပ်ငန်းများကိုပါ ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။

ဂျပန်နှင့် သိပ္ပံပညာရှင်များစွာကမူ သန့်စင်ပြီးရေဆိုး ထုတ်လွှတ်မှုသည် စိုးရိမ်စရာမလိုပဲ စိတ်ချရကြောင်း၊ UN ၏ နျူကလီးယားစောင့်ကြည့်ရေး အဖွဲ့က အသိအမှတ်ပြုထားကြောင်း ခိုင်မာစွာကြေညာထားသည်။ သို့သော်လည်း တရုတ်က ဂျပန်ပင်လယ်စာ တင်သွင်းမှုကိုပိတ်ဆို့ထားဆဲဖြစ်သည်။

ဂျပန်က ဖူကူရှီးမားအနီး ပင်လယ်ရေသည် ရေဒီယိုသတ္တိကြွသည့် အဆင့် မတွေ့ရှိရကြောင်း အာဏာပိုင်များအား ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

ဂျပန်အစိုးရက ငါးလုပ်ငန်းရှင်များအား ငွေကြေးအကူအညီပေးမည်ဖြစ်ကြောင်းနှင့် ဖူကူရှီးမားစက်ရုံကြောင့် ထိခိုက်နစ်နာသူများကို လျော်ကြေးပေးသွားမည်ဟုဆိုသည်။

ဂျပန်နိုင်ငံရေးသများများကလည်း ဖူကူရှီးမားမှ ပင်လယ်စာနှင့် ရေသန့်စင်မှုမှာ ဘေးကင်းစိတ်ချရကြောင်း တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ ဂျပန်အစိုးရက ထုတ်ပြန်သည့် ဗီဒီယိုထဲတွင် ဝန်ကြီးချုပ် Fumio Kishida က ဆာရှိမိ ငါးအသားလွှာကို စားပြခဲ့ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးချုပ်ဟောင်း Shinjiro Koizumi ကလည်း ပင်လယ်ရေလှိုင်း စီးပြခဲ့သေးသည်။

ဂျပန်မှ တရုတ်သို့ ကားနှင့် စက်ပစ္စည်းတင်ပို့မှု ပမာဏ ကြီးမားသော်လည်း ယခုပင်လယ်စာပို့ကုန်ကျဆင်းမှုသည် ဂျပန်နိုင်ငံ၏ စီးပွါးရေးကို ဆိုးရွားစွာထိခိုက်လိမ့်မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ဘောဂဗေဒပညာရှင်များက ဆိုထားသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC News
Photo: Getty Images

%d bloggers like this: