ဟောင်ကောင်၊ မကာအို Greater Bay Area တွင်စီးပွားရေးလုပ်ငန်းအသစ်များ ထွက်ပေါ်လာတော့မည်ဖြစ်ပြီး လူများသည် Covid-19 ကြောင့် ပေါ်လစီများ ပိုမိုဝယ်ယူလာကြမည်ဟူ၍ တွက်ဆကာ ဟောင်ကောင်၏ အချို့အာမခံလုပ်ငန်းကြီးများက အာမခံအရောင်းကိုယ်စားလှယ်များစွာကို တိုးချဲ့ခန့်အပ်မှုများ ပြုလုပ်နေကြသည်။
စီးပွားရေးတုံ့နှေးမှုများရှိနေသော်လည်း AIA နှင့် Prudentail ကဲ့သို့သော အာမခံလုပ်ငန်းကြီးများက အလုပ်အကိုင်များစွာအတွက် ဝန်ထမ်းများအဆက်မပြတ်ခေါ်ယူလျက်ရှိသည်။
မတ်လကုန်အထိ အာမခံအရောင်းဝန်ထမ်းပေါင်း ၁၆%ထိ တိုးတက်ခဲ့ပြီး အေးဂျင့်ပေါင်း ၁၂၂,၇၆၉ ရောက်အထိရောက်ရှိလာခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များအရ သိရှိရသည်။
အာမခံလုပ်ငန်းများက ဝန်ထမ်းများဆက်လက်ခေါ်ယူနေသော်လည်း အခြားစီးပွားရေးလုပ်ငန်းများမှာ စီးပွားရေးအခြေအနေအရ ဝန်ထမ်းလျှော့ချမှုများ ပြုလုပ်ခဲ့ရသောကြောင့် အလုပ်လက်မဲ့နှုန်းသည် ၁၅နှစ်ကာလအတွင်း အမြင့်ဆုံး ၅.၉% သို့ရောက်ရှိခဲ့သည်။
ဟောင်ကောင်၏စီးပွားရေးသည် first quarter တွင် ၈.၉% ကျဆင်းခဲ့ပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်။ Covid-19 ကပ်ရောဂါရိုက်ခတ်မှု၊ အမေရိကန်-တရုတ် စီးပွားရေးလွန်ဆွဲပွဲကြားညပ်ခဲ့ခြင်းနှင့် အစိုးရအားဆန့်ကျင်သည့်ဆန္ဒပြပွဲများ တနှစ်ပါတ်လုံးဖြစ်ပေါ်ခဲ့ခြင်း စသည့်အတားအဆီးများစွာဒဏ်ကိုခံစားခဲ့ရခြင်းကြောင့်ဖြစ်သည်။
အာမခံလုပ်ငန်းချဲ့ထွင်မှုက ဟောင်ကောင်မြို့အတွက် အလုပ်လက်မဲ့ဖြစ်နေသည့် လူပေါင်း ၂၃၂,၄၀၀ အတွက် မင်္ဂလာသတင်းဖြစ်သလို အလုပ်အကိုင်များစွာသွယ်ဝိုက်၍ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ဟောင်ကောင်တွင် ကမ္ဘာ့အကြီးဆုံးအာမခံလုပ်ငန်းကြီးဖြစ်သည့် AIA က ယခုနှစ်တွင် အေးဂျင့် ၆,၀၀၀ ထပ်မံခေါ်ယူရန်ရှိနေပြီး ယခင်နှစ်များထက် လူတထောင်ခန့် ပိုမိုခေါ်ယူနေခြင်းဖြစ်သည်။
“ကိုရိုးနားဗိုင်းရပ်ဖြစ်ပြီးတဲ့နောက် ဖြစ်လာနိုင်တဲ့ risk တွေအတွက် အာမခံအကာအကွယ်ယူထားကြဖို့ ပိုနားလည်လာကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အာမခံလုပ်ငန်းဘက်က ယုံကြည်ချက်အပြည့်ရှိနေတာကြောင့် talent ရှိပြီး team ထဲမှာအတူအလုပ်တွဲလုပ်နိုင်မဲ့ financial planners တွေကိုခေါ်ယူနေတာဖြစ်ပါတယ်” လို့ AIA ဟောင်ကောင်နှင့် မကာအို၏ Chief Executive ဖြစ်သူ Peter Crewe ကဆိုသည်။
AIA ကအခုလိုယုံကြည်ချက်အပြည့်ဖြင့် ဝန်ထမ်းပေါင်းများစွာခေါ်ယူနေခြင်းဟာ ဟောင်ကောင်၊ မကာအိုနှင့် အခြားတရုတ်စီးပွားရေးမြို့ကြီး ၉ မြို့နှင့်အတူ ချိတ်ဆက်ဖော်ဆောင်မည့် ဘေဂျင်း၏ master plan ကြောင့်လည်းဖြစ်သည်။ ထို master plan ထဲတွင် အာမခံလုပ်ငန်းသည် အဓိက အချက်အချာကျသော စီးပွားရေးနေရာက ပါဝင်နေကြောင်း မနှစ်ကထုတ်ပြန်ခဲ့သည့် စီးပွားရေးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Writer: Aye Chan Myint (Orio Economics)
Source: South China Morning Post
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။