Orio Economics

Pique your curiosity

ပါကစ္စတန်ရှိ ဟိမဝန္တာ ပန်းရောင်ဆား ထုတ်လုပ်ရေးလုပ်ငန်း

ပန်းရောင်ရှိသော ဟိမဝန္တာဆားများသည် ဆေးဘက်ဝင်သည်ဟုဆိုကာ ယနေ့ခေတ် ကျန်းမာရေး ဓါတ်စာအနေဖြင့် ဟင်းချက်ရာတွင် ထည့်စားရသလို အဆိုပါ ဆားများဖြင့် ထွင်းထုထားသည့် မီးအိမ်များ၊ ရုပ်တုများသည်လည်း ကျန်းမာရေးကို အထောက်အကူပြုစေသည်ဟု ယုံကြည်ကြသဖြင့် ကမ္ဘာအနှံ့အပြားတွင် ရောင်းတန်းဝင် ပစ္စည်းတစ်ခုအဖြစ် တည်ရှိနေပါသည်။

သို့သော် ၎င်းတို့၏ မူလထွက်ရှိရာနေရာသည် ဟိမဝန္တာဒေသမဟုတ်ဘဲ ယင်းနှင့် မိုင်ပေါင်းများစွာ အလှမ်းကွာသော ပါကစ္စတန်နိုင်ငံ၊ ပွန်ဂျပ်ပြည်နယ်ရှိ ခရူးရာ မိုင်းတွင်းတွင် ထုတ်လုပ်ခြင်းဖြစ်ပြီး ယင်းမှ တစ်ဆင့် အိန္ဒိယသို့ တင်ပို့ကာ ဟိမဝန္တာဆားအနေဖြင့် ရောင်းချကြခြင်းဖြစ်သည်။

ဟင်းလျာများတွင် ထည့်သွင်းစားသုံးရန် ထုတ်လုပ်ထားသည့် ထုတ်ကုန်တစ်ခု

(အိန္ဒိယမှ ထွက်ရှိလေဟန် Pride of India ဟု ရေးသားထားသည်ကို တွေ့နိုင်သည်)

ပထဝီဝင်အရ ယင်းခရူးရာဒေသသည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ကုန်းတွင်းပိတ်ပင်လယ်ကြီး တစ်ခုရှိခဲ့ပြီး ယင်းပင်လယ်ကြီး ခန်းခြောက်သွားချိန်တွင် ယခုကဲ့သို့ ပန်းရောင်ဆားများ အနည်ကျကာ ယနေ့ခေတ်ကဲ့သို့ ဟိမဝန္တာဆား မိုင်းတွင်းများ ကျန်ခဲ့ခြင်းဖြစ်သည်။

ဒဏ္ဍာရီများအရ ယင်းဒေသတွင် ဆားများရှိနေသည်ကို စတင်သိရှိခဲ့သူမှာ အလက်ဇန္ဒားဘုရင်ကြီးဖြစ်ပြီး အဆိုပါဒေသသို့ စစ်ချီလာချိန်တွင် မြင်းတပ်မှ မြင်းများက ဆားကျောက်တုံးများကို အပြေးအလွှားလျက်ကြရာမှ သတိထားမိသည်ဟု ဆိုရိုးများရှိပါသည်။

သမိုင်းဝင်မှတ်တမ်းများအရမူ ဗြိတိသျှကိုလိုနီခေတ်တွင် ဗြိတိသျှလူမျိုး ဘူမိဗေဒပညာရှင်များက ယင်းဆားများကို စတင်တွေ့ရှိခဲ့ပြီး ၁၈၇၀ ခုနှစ်တွင် ဟိမဝန္တာဆား ထုတ်လုပ်ရေးလုပ်ငန်းကို စတင်ခဲ့သည်ဟု သိရသည်။

ယနေ့ခေတ်တွင်တော့ ပါကစ္စတန် သတ္တုတွင်းဝန်ကြီးဌာနက ကြီးကြပ်၍ ထုတ်လုပ်လျက်ရှိပြီး အဆိုပါမိုင်းတွင်းကြီးမှာ မြေအောက်တွင် ၁၇ထပ်ရှိကာ အပူချိန်မှာ ၆၄ ဒီဂရီဖာရင်ဟိုက်တွင် အမြဲရှိနေပြီး မှောင်မိုက်စွတ်စိုသော ပတ်ဝန်းကျင်တွင် ဆားမိုင်းတွင်းအလုပ်သမားများမှာ ခက်ခက်ခဲခဲထုတ်ယူရသည်။

အလုပ်သမားပေါင်း ၃၀၀ မှ ၄၀၀ခန့် အဆိုပါ ဆားမိုင်းတွင်းတွင် လုပ်ကိုလျက်ရှိကြောင်း သိရပြီး တစ်ရက်လျှင် ဟိမဝန္တာဆားတန်ချိန် ၁၀၀၀ ခန့်ထွက်ရှိကြောင်း သိရသည်။

ဟိမဝန္တာပန်းရောင်ဆားဖြင့် ပြုလုပ်ထားသည့် အချောထည် အသုံးအဆောင်များ ခင်းကျင်းထားပုံ

ယခင်က အဆိုပါမိုင်းတွင်းမှ ထွက်ရှိသမျှသော ဆားတုံးကြီးများသည် အိန္ဒိယသို့သာ အဓိက တင်ပို့ကြပြီး အိန္ဒိယရှိ ကုမ္ပဏီကြီးများက ပြန်လည်သန့်စင်ကာ ရောင်းတမ်းဝင် ဆားများအဖြစ်လည်းကောင်း၊ အသုံးအဆောင်ပစ္စည်းများအဖြစ်လည်းကောင်း ပြုလုပ်၍ အိန္ဒိယတွင် ထုတ်လုပ်သည်ဟု တံဆိပ်ကပ်ကာ ဟိမဝန္တာဒေသမှ ထွက်ရှိလေဟန်ရောင်းချခဲ့ကြသည်။

ဈေးနှုန်းများအရ ဆားအရိုင်းတုံး တစ်တန်လျှင် ဒေါ်လာ ၄၀ ခန့်ဖြင့် ပါကစ္စတန်မှ ဝယ်ယူ၍ အိန္ဒိယတွင် ပြန်လည်သန့်စင်ထုတ်လုပ်ပြီးပါက ဥရောပဈေးကွက်တွင် ဒေါ်လာ ၃၀၀ ခန့်ပြန်လည်ရရှိနိုင်သည်ဟု ဆိုကြပြီး နောက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံတွင်း ကိုယ်ပိုင်ထုတ်လုပ်နိုင်ရန် ကြိုးစားလာကြတော့သည်။

သည့်အပြင် ဆိုရှယ်မီဒီယာများမှ တစ်ဆင့်လည်း ဖိအားပေးခဲ့သောကြောင့် ပါကစ္စတန်အစိုးရသည် အိန္ဒိယသို့ အကန့်အသတ်ဖြင့်သာ ဆားရိုင်းတုံးများကို ရောင်းချရန် အမိန့်ထုတ်ခဲ့ပြီး ပြည်တွင်းတွင် ကိုယ်ပိုင်သန့်စင်ထုတ်လုပ်၍ ဥရောပဈေးကွက်သို့ ထိုးဖောက်ရန် လမ်းဖွင့်ပေးခဲ့သည်။

သို့သော် ကုမ္ပဏီအနည်းငယ်သာ ဥရောပ စံချိန်မီ ထုတ်လုပ်နိုင်သေးပြီး အများစုမှာ မိရိုးဖလာ လုပ်ကိုင်သူများဖြစ်သောကြောင့် ဥရောပ ဝယ်လက်ကို မချိတ်ဆက်နိုင်ခြင်း၊ သတ်မှတ်ထားသည့် စံချိန်မီအောင် မထုတ်လုပ်နိုင်ခြင်းများ ရှိနေသေးသည်။

ဖိုင်ဇန် ပန်ဂျ်ဝါနီသည် RM Pakistan Salt ကုမ္ပဏီ၏ အမှုဆောင် အရာရှိတစ်ဦးဖြစ်ပြီး ၎င်းတို့ ကုမ္ပဏီသည် ဟိမဝန္တာဆားဖြင့် ထုတ်လုပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဥရောပနှင့် အမေရိကသို့ တင်ပို့နေသူဖြစ်သည်။

သူ၏ အဆိုအရ ၎င်းတို့ကုမ္ပဏီသည် လစဉ် ဆားအရိုင်းတုံး တန်၃၀၀ခန့် မိုင်းတွင်းမှ ဝယ်ယူလေ့ရှိကာ သက်ဆိုင်ရာ အလုပ်ရုံများတွင် မီးအုပ်ဆောင်းများ၊ ရုပ်တုများ၊ လက်ဝတ်အဆောင်အယောင်များ၊ ထမင်းစားပန်ကန်ပြားများအပြင် နံရံကပ်ကြွေပြားပုံစံဖြင့်ပါ ထုတ်လုပ်၍ တင်ပို့လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အလှအပရေးရာအတွက် ထုတ်လုပ်ထားသည့် ကြေငြာတစ်ခု

ထိုကဲ့သို့ ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးအတွက် ကောင်းစေသည်ဟုဆို၍ မက်မောစွာ ဝယ်ယူသုံးစွဲကြသော်လည်း အာဟာရဆိုင်ရာ ကျန်းမာရေး ပညာရှင်များကတော့ ဟိမဝန္တာဆားများသည် ပုံမှန်အိမ်သုံးဆားများနှင့် ဆိုဒီယမ်ကလိုရိုက် ပါဝင်မှုခြင်း ၉၀ရာခိုင်နှုန်း တူညီသောကြောင့် မည်သည့်ထူးခြားချက်ရှိသည်ဟု ပြောရန် သက်သေမရှိသေးကြောင်း ထောက်ပြကြသည်။

ဓါတုဗေဒ ပညာရှင်များအဆိုအရ ယခုကဲ့သို့ ပန်းရောင်သမ်းနေခြင်းသည် ပုံမှန်ဆိုဒီယမ် ကလိုရိုက်တွင် မဂ္ဂနီဆီယမ်အနည်းငယ် ပါဝင်သွားသဖြင့် ရုပ်ဂုဏ်သတ္တိအရ ပန်းရောင်ပြောင်းလဲသွားသော်လည်း ဓါတ်ဂုဏ်သတ္တိမှာမူ ထူးမခြားနားပင် ဖြစ်သည်ဟု ဆိုကြသည်။

ထိုကဲ့သို့ ဆိုကြသော်လည်း ဟိမဝန္တာဆား ၁ကီလိုသည် လက်ရှိဈေးကွက်ပေါက်ဈေးအရ ၉ဒေါ်လာခန့်ရှိနေပြီး ပုံမှန်အိမ်သုံးဆား တစ်ထုပ်ထက် အဆ ၂၀ ခန့်ဈေးကြီးမြင့်နေကာ ကျန်းမာရေး ဓါတ်စာများ၊ အသုံးအဆောင်များအနေဖြင့် လည်းကောင်း၊ အနှိပ်ခန်းများတွင် အသားအရည်လှပစေရန် ရည်ရွယ်၍ လည်းကောင်း တွင်ကျယ်စွာ သုံးစွဲလျက်ရှိနေကြပါသေးသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BusinessInsider, Global Times
Photo: TNF, Mama Instincts 

Leave a Reply

Your email address will not be published.