နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ဖလော်ရီဒါ အခြေစိုက် အမေရိကန် ကားအငှားလုပ်ငန်းကြီး Hertz Global Holdings သည် ကိုရိုးနားဗိုင်းရပ်စ် ကပ်ရောဂါအတွင်း လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိခဲ့သည့်အတွက် ပြီးခဲ့သည့်သောကြာနေ့တွင် ဒေဝါလီခံရန်အဆို တင်သွင်းခဲ့သည်။ လုပ်ငန်းပြန်လည်ဖွဲ့စည်းရန်အတွက် ဒေဝါလီခံမည်ဖြစ်ပြီး ထိုသို့ပြန်လည်ဖွဲ့စည်းရန် ဥရောပ၊ သြတြေးလျနှင့် နယူးဇီလန် နိုင်ငံများရှိ လုပ်ငန်းများတော့ မပါဝင်ပေ။
U.S ၏အကြီးဆုံးသော ကားအငှားလုပ်ငန်းကြီး Hertz သည် ကိုရိုးနားဗိုင်းရပ် ကပ်ရောဂါကြောင့် မော်တော်ယာဉ်ပေါင်း ၇ သိန်းခန့် မပြေးဆွဲရပဲ ရပ်နားထားခဲ့ရပြီး ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံ ရှိခဲ့သည်။ ထို့ပြင် သူ၏ ဝန်ထမ်းပေါင်း ၁၆၀၀၀ ခန့်အလုပ်မှအနားပေးခဲ့ပြီး ထိုပမာဏသည် အလုပ်သမားစုစုပေါင်း၏ ၂၅ % ရှိသည်။
ကားအငှားလုပ်ငန်းကြီးသည် ခရီးသွားလုပ်ငန်းအပေါ်တွင် အဓိကမှီခိုရပ်တည်နေရသည် ဖြစ်ရာ ကိုရိုနားဗိုင်းရပ်စ်ရောဂါကြောင့် Hertz လုပ်ငန်းအပါအဝင် လေကြောင်းလိုင်းကြီးများနှင့် အခြားခရီးသွားလုပ်ငန်းငယ်များစွာလည်း ရိုက်ခတ်ခံခဲ့ရသည်။ ကိုရိုးနားဗိုင်းရပ်စ်မတိုင်ခင်ကတည်းက Hertz သည် Uber နှင့် Lyft စသည့် apps အသုံးပြု အငှားယာဉ်ဝန်ဆောင်မှုများနှင့် ခက်ခဲစွာ ဈေးကွက်ယှဉ်ပြိုင်နေခဲ့ရခြင်းဖြစ်သည်။ Customers များသည် ကားငှားရန် စောင့်ဆိုင်းရန်မလိုအပ်ခြင်း၊ ယာဉ်မောင်းများအား သွားလိုသည့်နေရာကို ရှင်းပြရန်မလိုအပ်ခြင်း၊ ကားရှားပါးသည့်နေရာများတွင်လည်း app အသုံးပြု၍ကားငှားနိုင်ခြင်း စသည့်အားသာချက်များကြောင့် car-sharing apps များ အသုံးပြုရသည်ကို ပိုမိုသဘောကျ နှစ်ခြိုက်လာကြသည်။
၁၉၁၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် Hertz သည် လုပ်ငန်းပြန်လည်ဖွဲ့စည်းမှု အခါပေါင်းများစွာ ပြုလုပ်ခဲ့ရဖူးပြီး သူကိုယ်တိုင်၌ပင် အခက်အခဲပေါင်းများစွာဖြင့် ရုန်းကန်နေခဲ့ရသည်။ ယခုဒေဝါလီခံခြင်းကြောင့် အခြားဆိုးကျိုးသက်ရောက်မှုများလည်း ရှိနေဦးမည်ဖြစ်သည်။ Hertz သည် General Motors နှင့် အခြားကားထုတ်လုပ်သူများထံမှ ကား ငှား၊ ဝယ်ခဲ့ပြီး ယခုအခါ မဝယ်ယူနိုင်တော့သောကြောင့် ကားထုတ်လုပ်သူများနှင့် ကားပစ္စည်းတင်သွင်းသူများအား ရိုက်ခတ်မှုများရှိနေလိမ့်မည်။ အလုပ်ပြုတ်သူများက ငွေပြန်ဖော်ရန် ကားများပြန်ရောင်းနေကြသည့်အတွက် အသုံးပြုပြီးကားများ ပြန်ရောင်းမှုများ မြင့်တက်လျက်ရှိနေပြန်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Forbes, CNBC news
Images: Getty Images