GM ၏ ဒုတိယ ၃ လပတ် ကားအရောင်း တိုးတက်

Share

အမေရိကန်ပြည်ထောင်စု၊ ဒက်ထရိုက်အခြေစိုက် ကားထုတ်လုပ်ရေး General Motors သည် ယခုနှစ် ဒုတိယ ၃ လပတ် – Q2 တွင် ကားထုတ်လုပ်ရေးလုပ်ငန်းစဉ် Supply Chians တလျှောက် တည်ငြိမ်မှုများ ရရှိလာပြီး ယမန်နှစ်ကာလတူအခြေအနေထက် အရောင်းပိုင်း ၁၈.၈% တိုးတက်ခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့တွင် ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ဧပြီမှ ဇွန် ၃ လ အတွင်း ကားအစီးရေ ၆၉၁,၉၇၈ စီး ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။
ယင်းတို့အထဲတွင် လျှပ်စစ်ကား EV အရေအတွက် ၁၅,၆၅၂ စီး ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ဒုတိယ ၃ လပတ်တွင် အစီးရေ ၅၈၂,၄၀၁ စီး ရောင်းနိုင်ခဲ့သောကြောင့် ယခုနှစ်တွင် အရောင်း ၁၈.၈% တိုးတက်ခဲ့သည်ကို တွေ့ရပြီး ၂၀၂၃ ပထမ ၃ လပတ်အရောင်းပမာ အစီးရေ ၆၀၀,၀၀၀ ထက်လည်း ထပ်မံတိုးတက်ခဲ့သည်ကို တွေ့ရသည်။

GM ၏ ဒုတိယ ၃ လပတ် အရောင်း တိုးတက်ခဲ့သလို အခြားကားထုတ်လုပ်ရေးများဖြစ်သည့် Honda Motor, Nissan Motor, Stellantis တို့သည်လည်း အရောင်းပိုင်း တိုးတက်မှုများ ရှိနေခြင်းကြောင့် အမေရိကန်ကားဈေးကွက်တွင် ကား အသစ်ဝယ်လိုအား ဆက်လက် အားကောင်းနေဆဲဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ထိုနေ့တွင်ပင် ဂျပန် Toyota က အမေရိကန်ဈေးကွက်အတွင်း ဇွန်လအထိ အစီးရေ ၁ သန်းကျော် ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
GM သည် ဒုတိယ ၃ လပတ် အရောင်းတိုးတက်မှု၌ လျှပ်စစ်ကားအစီးရေ ရောင်းချရမှု ကိန်းဂဏန်းအပေါ် ကျေနပ်မှုမရှိခဲ့ကြောင်းနှင့် EV အရောင်းတွင်မူ ပြီးခဲ့သည့် ၃ လပတ် ကာလ ၂ ခု အတွက် အစီးရေ ၅၀,၀၀၀ အထိ ရောင်းချနိုင်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Invezz, Inside EVs
Image: Auto Trader

%d bloggers like this: