0

Forbes မဂ္ဂဇင်းတည်ထောင်သူများနဲ့ စာတည်းချုပ် Steve Forbes

Share

       ကမ္ဘာပေါ်က စီးပွားရေးအကြောင်းတွေနဲ့ ကြွယ်ဝချမ်းသာသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အမြဲတမ်းတွက်ချက် ထုတ်ပြန်မှုတွေ လုပ်နေတဲ့ Forbes မဂ္ဂဇင်းကြီးကို လူတော်တော်များများ သိကြမှာပါ။ ဖေါ့ဘ်စ် မဂ္ဂဇင်းကို ဘာတီ ချားလ်စ် ဖေါ့ဘ်စ် (Bertie Charles Forbes) က ၁၉၁၇ မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိ မဂ္ဂဇင်းရဲ့ဥက္ကဌနဲ့ စာတည်းချုပ်ဖြစ်သူ Steve Forbes ရဲ့ အဘိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ မှာပဲ မဂ္ဂဇင်းရဲ့သက်တမ်းဟာ နှစ် ၁၀၀ ပြည့်ခဲ့ပြီး အဲ့ဒီ သတင်းဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်သူဦးရေဟာလည်း ၁ လကို ၇၁ သန်းကျော် ရှိလာပြီဖြစ်ပါတယ်။
       ၁၉၂၀ ပြည့် ကာလတွေမှာ အမေရိကန်မှာ စီးပွားရေးနဲ့ပါတ်သက်တဲ့ မဂ္ဂဇင်းဆိုလို့ Forbes တစ်ခုပဲ ရှိပါတယ်။
၁၉၃၀ လောက် ရောက်တော့ အခြား ပြိုင်ဘက် ၂ စောင် ပေါ်ထွက်လာပြီး Business Week နဲ့ Fortune တို့ ဖြစ်လာကြပါတယ်။ ၁၉၃၀ ကျော် ကနေ ၁၉၄၀ ကျော်ကျော်ထိ Forbes မဂ္ဂဇင်းဟာ အသစ်ပေါ်ထွက်လာတဲ့ ပြိုင်ဘက် ၂ ယောက်ကြောင့် စောင်ရေတွေ ကျဆင်းသွားခဲ့ပါတယ်။
       ဘာတီ ချားလ်စ်ဖေါ့ဘ်စ် နဲ့ အတူတူ လုပ်ငန်းခွင်ဝင်နေပြီ ဖြစ်တဲ့ သားဖြစ်သူ မဲလ်ကွန် ဖေါ့ဘ်စ် (Malcolm S. Forbes) ဟာ အပြောင်းအလဲတွေ လုပ်တော့မှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး ၁၉၄၀ ကျော်မှာ အစီအစဉ် အသစ်တွေ စခဲ့ပါတယ်။ (မဲလ်ကွန် ဖေါ့ဘ်စ် ဟာ လက်ရှိ ဥက္ကဌ Steve Forbes ရဲ့ ဖခင်ဖြစ်ပါတယ်။)

Malcolm Forbes လုပ်ခဲ့တာတွေကတော့ Forbes မဂ္ဂဇင်းအတွက်ပဲ သီးသန့် စာရေးပေးမယ့် သတင်းရေးသားသူ၊ စာရေးဆရာတွေစပြီး ခန့်အပ်ခဲ့တာရယ်၊ Forbes Investors Advisory Institute ဆိုတဲ့ သူဌေးတွေကို ဘယ်လိုလုပ်ငန်းတွေမှာ ပိုက်ဆံတွေ ရင်းနှီးမြှုပ်နှံသင့်လဲလို့ အကြံပေးတဲ့ မဂ္ဂဇင်းပိုင် အဖွဲ့ကြီး တည်ထောင်ခဲ့တာပါ။

       ၁၉၅၀ ဝန်းကျင်မှာ အချက်အလက်မှန်ကန်မှုတွေကိုပဲ အာရုံပိုစိုက်မယ့် သတင်းစာဆရာ၊ အယ်ဒီတာတွေကို ငှားရမ်းခဲ့ပါတယ်။
       အဲ့ဒီနောက်ပိုင်း Forbes ဟာ စီးပွားရေး သမားတွေသဘောကျတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ ယုံကြည်လို့ရတဲ့ သတင်းဌာနကြီး ဖြစ်လာပါတယ်။
       မဂ္ဂဇင်းကလည်း အဲ့ဒီအောင်မြင်မှုတွေကို ၁၉၇၀ ကျော်ကျော်အထိ ကောင်းကောင်းခံစားခဲ့ပြီး ၁၉၈၂ မှာတော့ လူကြိုက်များလာမယ့် “Forbes Richest 400” ဆိုတဲ့ အမေရိကားမှာ အချမ်းသာဆုံး အယောက် ၄၀၀ စာရင်းကို စတင်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီရှေ့မတိုင်မီထိ လူတွေဟာ ကိုယ်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပါတ်သက်လို့ ဘယ်သူက ဘယ်လောက်ချမ်းသာနေပြီဆိုတာ ရိပ်ဖမ်းသံဖမ်းပြောရရုံရှိနေပါသေးတယ်။
       ၁၉၉၀ ခုနှစ်မှာ မဲလ်ကွန် ဖေါ့ဘ်စ် ကွယ်လွန်ခဲ့ပြီး သားဖြစ်သူ Steve Forbes အယ်ဒီတာချုပ်ဖြစ်လာခဲ့ပါတယ်။
စတိဗ် ဖေါ့ဘ်စ် ရဲ့ ဦးဆောင်မှုအောက်မှာ Forbes ရဲ့ နာမည်ခွဲ၊ လိုင်းခွဲ မဂ္ဂဇင်းတွေဖြစ်တဲ့ Forbes Global Business and Finance (1998) နဲ့ ဖေါ့ဘ်စ် မဂ္ဂဇင်းကို ဥရောပသားတွေအကြိုက် တည်းဖြတ်ထားတဲ့ Europe Editions (1998) ၊ အာရှသားတွေကို ရည်ရွယ်တဲ့ Asia Editions (2005) တွေ ထွက်လာခဲ့ပါတယ်။ လက်ရှိမှာလည်း စတိဗ်ဟာ ဖေါ့ဘ်စ် မဂ္ဂဇင်းကို ဆက်လက်ဦးဆောင်နေပြီး အမှုဆောင်အရာရှိချုပ် CEO ကို Mike Federle ကို ခန့်အပ်ထားပြီး သူကတော့ အယ်ဒီတာချုပ်အနေနဲ့ တာဝန်ဆက်ယူထားပါတယ်။

Steve Forbes အကြောင်း
စတီဗ်ကို ၁၉၄၇ မှာ မွေးဖွားခဲ့ပြီး နယူးဂျာဆီမှာပဲ ကြီးပြင်းခဲ့ပါတယ်။
ပရီစင်တင် တက္ကသိုလ် (Princeton University) တက်ရောက်ခဲ့ပြီး ကျောင်းတက်နေတုန်း သူငယ်ချင်း ၂ ယောက်နဲ့ ပေါင်းပြီး Business Today ဆိုတဲ့ စီးပွားရေးသတင်းစာ တစ်ခုကို ထောင်ခဲ့ပါသေးတယ်။ အဲ့ဒီ Business Today ဟာလည်း ဒီနေ့ထိ ရှင်သန်နေတုန်းပါပဲ။
၁၉၇၀ မှာ အမေရိကန်သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး ၂၀၀၉ မှာတော့ Stevenson University ကနေ စီးပွားရေးနဲ့ ပါတ်သက်တဲ့ Honorary Doctorate ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရခဲ့ပါတယ်။
Steve Forbes ဟာ စီးပွားရေးနဲ့ပါတ်သက်တဲ့ စာအုပ်တွေအများကြီး ရေးခဲ့ပါတယ်။ တွဲဖက်စာရေးဆရာတွေနဲ့ ရေးတဲ့ စာအုပ်တွေ အများကြီးရှိခဲ့ပြီး ဒါကလည်း သူ့ရဲ့ အဖိုးနဲ့ အဖေဆီက အမွေရလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးရေးချင်တာကြောင့်ရယ်လို့ ယူဆရပါတယ်။
Republican ပါတီနဲ့ပါတ်သက်ပြီး နိုင်ငံရေးမှာလည်း ပါဝင်ခဲ့ပါတယ်။
Forbes မဂ္ဂဇင်းရဲ့ ပိုင်ရှင်နဲ့ ဥက္ကဌ လည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ Steve Forbes ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုကတော့ ကန်ဒေါ်လာ သန်း ၄၃၀ ဖြစ်ပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
စီးပွားရေး အချက်အလက်နှင့် သတင်းများ ပိုမိုထွက်ပေါ်နိုင်ရန် Like & Share လုပ်ပေးဖို့ တောင်းဆိုပါရစေ။
Orio Economics

Contributed by Min Thwe Kyaw
Source: Investopedia, Forbes, Steve Forbes’ Books, Elizabeth Ames Business Author, Britannica

%d bloggers like this: