0

Unilever ကကြော်ငြာများမထည့်တော့သောကြောင့် Facebook နှင့် Twitter ရှယ်ယာများကျဆင်း

Share

Unilever ကနှစ်ကုန်သည်အထိ social media များပေါ်တွင် ကြော်ငြာခြင်း မပြုလုပ်တော့ကြောင်း ကြေညာပြီးနောက် Facebook နှင့် Twitter နှစ်ခုစလုံး၏ရှယ်ယာများသည် သောကြာနေ့တရက်တည်းတွင် ၇% ကျော်ထိ ကျဆင်းသွားခဲ့သည်။

“အမေရိကန်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပါတ်သတ်ပြီး ကျွန်တော်တို့၏ ခံယူရမဲ့တာဝန်ရှိတာကြောင့် အမေရိကန်မှာ ဒီနှစ်ကုန်ပိုင်းအထိ social media platform များဖြစ်သည့် Facebook, Instagram နှင့် Twitter တို့မာှ ကျွန်တော်တို့ရဲ့ Brand ကိုလုံးဝကြော်ငြာမှာမဟုတ်”ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “အခုအချိန်မှာ အဲဒီပလက်ဖောင်းတွေပေါ်မှာ ဆက်ကြော်ငြာနေတာဟာ လူတွေနဲ့ လူ့အဖွေဲ့အစည်းအပေါ်မှာ ဘာအကျိုးကျေးဇူးမှ ရှိမှာမဟုတ်ပါဘူး။ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေမှာဖြစ်ပြီး လိုအပ်လျှင် ကျွန်တော်တို့ရပ်တည်နေတဲ့နေရာကို ပြန်ဆန်းစစ်တာမျိုးပြုလုပ်ရပါလိ့မ်မယ်” ဟု ဆက်လက်ဖော်ပြထားသည်။

လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီကြီး၏ အဆိုပါထုတ်ပြန်ချက်သည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် ဖောင်းပွနေသည့် အမုန်းစကားများနှင့်အတူ ရွေးကောက်ပွဲနှင့်လည်း ပါတ်သတ်နေသည်။

“လတ်တလောဖြစ်ပေါ်နေသည့် အစွန်းရောက်အခြေအနေများနှင့် အမေရိကန် ရွေးကောက်ပွဲအပေါ်မှာ အမုန်းစကားပျံ့ပွားမှုကို လျော့နည်းအောင်ပြုလုပ်ရန်လိုအပ်ကြောင်း” Unilever ၏ ဥက္ကဌဖြစ်သူ Luis Di Como ကပြောခဲ့သည်။

ထိုကဲ့သို့Unilever ၏ရပ်တည်မှုသည် ဆိုရှယ်မီဒီယာကုမ္ပဏီများကို ထိခိုက်မှုများစွာရှိနေသော်လည်း Facebook ကိုဆန့်ကျင်သည့် ကုမ္ပဏီများ ပိုမိုများပြားလာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် Unilever သည် Facebook ပေါ်တွင်ကြော်ငြာခအသုံးပြုမှု အမြင့်ဆုံး နံပါတ်၃၀ တွင်ရှိပြီး ဒေါ်လာ ၄၂ သန်းကျော်ထိ သုံးစွဲခဲ့ကြောင်း ကြော်ငြာကုမ္ပဏီကြီး Pathmatics ၏ဒေတာများအရ သိရှိရသည်။

Facebook ကိုသပိတ်မှောက်သည့် ကုမ္ပဏီများ တိုးပွားလျက်ရှိပြီး ဂျူလိုင်လကုန်အထိ ကြော်ငြာထည့်မည်မဟုတ်ကြောင်း ကြေငြာထားကြသည်။

Unilever ကသပိတ်မှောက်ကြောင်း ကြေညာပြီးနောက် နောက်ထပ် ကြော်ငြာရှင်ကြီးတဦးဖြစ်သည့် Procter & Gamble ကလည်း သတင်းမှားနှင့် အမုန်းစကားပျံ့ပွားမှုများအား ထိန်းချုပ်ခြင်းမရှိသော social media platform များတွင် ကြော်ငြာထည့်ဝင်ခြင်းအားလုံး ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Facebook ကမှတ်ချက် တစုံတရာချက်ချင်းမပေးခဲ့သော်လည်း Twitter ၏ Global Client Solutions ၏ ဥက္ကဌဖြစ်သူ Sarah Personette ကပါတနာများ၏ ဆုံးဖြတ်ချက်အား လေးစားကြောင်းနှင့် ကုမ္ပဏီအနေဖြင့် လုံခြုံမှုရှိသည့် ပလက်ဖောင်းကိုသာ တည်ဆောက်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

Source: BBC Business
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: