ပြီးခဲ့သည့်နှစ်အတွင်း ရေနံဈေးမြင့်တက်လာမှုနှင့် ရုရှားရေနံထွက်ကုန်များအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်၊ တက္ကဆက်အခြေစိုက် ရေနံကုမ္ပဏီကြီး ExxonMobil သည် စံချိန်တင်အမြတ်ငွေများကို ရရှိခဲ့သည်။
ကုမ္ပဏီသည် ၂၀၂၂ အတွင်း (GAAP earnings) ဒေါ်လာ ၅၅.၇ ဘီလျံ အထိ အမြတ်အစွန်းရရှိခဲ့ပြီး ယခင်နှစ် ၂၀၂၁ ရရှိငွေဖြစ်သော ဒေါ်လာ ၂၃ ဘီလျံထက် ၂ ဆကျော် ဝင်ငွေများပြားခဲ့ခြင်းလည်းဖြစ်သည်။
ကုမ္ပဏီသည် ပြီးခဲ့သည့် လပိုင်းအတွင်း အခွန်စည်းကြပ်မှုအသစ်ကိုပြဌာန်းသော ဥရောပသမဂ္ဂ (European Union) ကို တရားစွဲခဲ့သည်။
ကုမ္ပဏီ၏အမှုဆောင်ချုပ် – CEO ဖြစ်သူ ဒါရင်း ဝုဒ် (Darren Woods) က အင်္ဂါနေ့ ကုမ္ပဏီအမြတ်ထုတ်ပြန်ချက်စာရင်းသည် ၎င်းတို့၏ မဟာဗျူဟာများကို ပြသခဲ့ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာကဏ္ဍအတွက် တစုံတရာဆောင်ရွက်မှုမရှိခဲ့သည့်အပေါ် ရင်းနှီးမြှုပ်နှံသူများက ဝေဖန်ခဲ့ကြပြီး ယခုအချက်က ၎င်းတို့အမြင်များကို ချေပနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ExxonMobil သည် စံချိန်တင်အမြတ်များရရှိခဲ့ခြင်းအပြင် ငွေသား ကိုင်ထားနိုင်မှု ဒေါ်လာ ၂၂.၉ ဘီလျံခန့် (၂၀၂၂ အတွင်း) တိုးတက်ခဲ့ပြီး ၎င်းတို့လုပ်ငန်းလည်ပတ်ရာ၌ နေ့စဉ် အသုံးစရိတ်၊ ငွေကြေးသုံးစွဲပေးချေမှုများအပြီး ကျန် လွတ်လပ်စွာလည်ပတ်နိုင်သော ငွေ FCF – Free Cash Flow မှာ ဒေါ်လာ ၆၂.၁ ဘီလျံ အထိ တိုးတက်ခဲ့သည်ဟု သိရသည်။
၎င်းတို့ကုမ္ပဏီ၏ Cash တိုးတက်မှုမှာ ၃၃၆% အထိ ရာနှုန်းအားဖြင့်ရှိခဲ့ပြီး ၂၀၂၂ အတွင်း တတိယ ၃ လပတ် (Q3) GAAP earnings မှာ နှစ်ပေါင်း ၁၅၂ နှစ်အတွင်း အမြင့်ဆုံး ရရှိမှုအဖြစ် ၁၉.၆၆ ဘီလျံ ဒေါ်လာ အထိ ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ExxonMobil News Room, Oil Price, BBC Business, SEC Gov, C2FO, Investors
Image: News N Releases