0

ကျူဘား ဆေးပြင်းလိပ်တွေ ဘာကြောင့် ဈေးကြီးနေရတာလဲ

Share

(ကျန်းမာရေး သတိပေးချက်။ ။ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါဝင်သော အရာများ သောက်သုံးခြင်းသည် ကျန်မာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်)

ကျူးဘားဆေးပြင်းလိပ်တွေဟာ ဆေးရွက်ကြီးလောကမှာတော့ ဂုဏ်သိက္ခာကြီးမားတဲ့ နေရာတစ်ခုမှာ ခိုင်ခိုင်မာမာရှိနေပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ လက်လိပ် Habnos တံဆိပ် ဆေးပြင်းလိပ်ဘူးတစ်ဘူးဟာ ဒေါ်လာထောင်နဲ့ချီ ပေးရလေ့ရှိပါတယ်။ အကြောင်းကတော့ ဒီလိုမျိုး လက်နဲ့သေချာလိပ်ထားတဲ့ ဆေးပြင်းလိပ်ကောင်းတစ်ခုဖြစ်ဖို့အတွက် ဆေးရိုးပင် အစေ့ချတဲ့ အချိန်ကစလို့ ဆေးရွက်တွေ ခူးတဲ့အချိန်၊ နောက်ဆုံး ဆေးပြင်းလိပ်ဖြစ်တဲ့အထိကို အဆင့်ပေါင်း ၅၀၀ကျော်လောက် ဖြတ်သန်းပြီးမှ ရတာမို့လို့ပါပဲ။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၅နှစ်လောက်က စလို့ ဒီလိုမျိုး ဆေးပြင်းလိပ်ကြီးတွေကို ကျူးဘားတစ်နိုင်ငံထဲက မဟုတ်တော့ဘဲ ကာရီဘီယံဒေသနဲ့ အမေရိကတိုက်အလယ်ပိုင်း နိုင်ငံတွေကပါ စတင်ထုတ်လုပ်လာခဲ့ကြပြီး အရည်အသွေးပိုင်းကော၊ ဈေးနှုန်းအပိုင်းပါ ကျူးဘားဆေးပြင်းလိပ်တွေကို ယှဉ်နိုင်တဲ့ အဆင့်ဖြစ်နေပါပြီ။ ဒီလိုမျိုး ဆေးပြင်းလိပ်တွေ နိုင်ငံပေါင်းစုံက ထုတ်နေကြပေမဲ့လည်း ကျူးဘားဆေးပြင်းလိပ်တွေကို ဂုဏ်ထူးဝိသေသ ပြုနေရတဲ့ အကြောင်းက ဘာများဖြစ်နိုင်မှာပါလည်း။ ဆေးပြင်းလိပ် ကျွမ်းကျင်သူတွေကတော့ ကျူးဘားဟာ နှစ်ပေါင်း ၂၀၀လောက်ရှိပြီ ဖြစ်တဲ့ ရိုးရာဆေးစပ်နည်း၊ ဆေးလိပ်နည်းကို ခုထိ လိုက်နာကျင့်သုံးနေသေးတဲ့ အတွက်လို့ ထောက်ပြကြပါတယ်။

သူတို့ရဲ့ လုပ်ပုံကိုင်ပုံ အဆင့်တွေကို ပြောရရင် ဆေးရိုးပင်စိုက်တာကနေ၊ ဆေးရွက်ကြီးခူးတာ၊ နောက် ဆေးရွက်ကြီးတွေ ခြောက်ပြီး ဆေးသားတက်ကာ နပ်သွားအောင် အခြောက်ခံတဲ့ အိမ်ထဲမှာ နှစ်ပေါက်အောင် ထားတာတွေ ပါဝင်ပါတယ်။ နောက်ဆုံးအဆင့်ရလာတဲ့ ဆေးရွက်တွေကိုမှ အနံ့၊ အရသာ၊ လောင်ကျွမ်းမှုပုံစံနဲ့ အရည်အသွေးတွေပေါ်မူတည်ပြီး “တော်စီဒို” ဆိုတဲ့ ဆေးစပ်၊ ဆေးလိပ်တဲ့ သူတွေဆီကို ပို့ပေးရပါတယ်။ “တော်စီဒို” ဘွဲ့ကို ရထားတဲ့သူတွေဟာ အရမ်းကျွမ်းကျင်တဲ့ ဆေးစပ်၊ ဆေးလိပ်တဲ့ဆရာကြီးတွေ ဖြစ်ကြပြီး ကျူးဘားလူမှု အသိုင်းအဝိုင်းမှာလည်း အများရဲ့ လေးစားခြင်းကို ခံရတဲ့ သူတွေပါ။

ဟိုဆေးကတ်ဆယ်လာကိုင်ရို – the torcedo

ဟိုဆေးကတ်ဆယ်လာကိုင်ရို ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အပေါ်ကပြောခဲ့သလိုမျိုး တော်စီဒိုတစ်ယောက်ဖြစ်ပြီး ဆေးစပ်၊ဆေးလိပ် အလုပ်ကို လုပ်လာတာ ၆၁နှစ် တိတိရှိခဲ့ပြီဖြစ်ပါတယ်။ သူပြောပြတဲ့ ကျုုးဘားဆေးပြင်းလိပ်ပြုလုပ်ပုံကတော့ ဒီလိုပါတဲ့။

အရင်ဆုံး ဆေးရွက်တွေမှာ အမျိုးအစား (၅)မျိုးရှိတာကို အရင်ပြောပြပါတယ်။ ပထမဆုံးလိပ်ရတာကတော့ လီဟာရို (Ligero) ဆိုတဲ့ အရွက်အမျိုးအစားဖြစ်ပြီး သူ့ကိုတော့ ဆေးပြင်းလိပ်ရဲ့ အူတိုင်မှာ ဆေးလိပ်ကို တောင့်တောင့်တင်းတင်းဖြစ်စေဖို့အတွက် ရည်ရွယ်ပြီးလိပ်ပါတယ်။ သူ့အပေါ်မှာ လိပ်တာကတော့ ဆယ်ကို (Seco) ဖြစ်ပြီး သူ့ကတော့ အဓိကအနေနဲ့ အနံ့အရသာအတွက် ရည်ရွယ်တာပါ။ တစ်ခါ သူ့အပေါ်မှာ လိပ်တာကတော့ ဗိုလာအို (Volado) အရွက်အမျိုးအစားဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ ဆေးပြင်းလိပ်ရဲ့ မီးစွဲလောင်မှုကို မျှတအောင် ထိန်းပေးတာပါ။

ဒီအရွက်သုံးမျိုးရဲ့ အပေါ်မှာမှ သူတို့ကို ပေါင်းစပ်ထိန်းချုပ်ပေးမဲ့ Binder ဆိုတဲ့ ချုပ်ရွက်နဲ့ တစ်လွှာထပ်အုပ်ပါတယ်။ ဒါပြီးလို့ နောက်ဆုံးကြမှ ဆေးပြင်းလိပ်ကို အရောင်ညှို့ညှို့နဲ့ သောက်ချင်စဖွယ်ဖြစ်အောက် အုပ်ရတဲ့ Wrapper ဆိုတဲ့ အုပ်ရွက်နဲ့ သေသေသပ်သပ်ဖြစ်အောင် လိပ်ပြီးရင်တော့ စစ်မှန်တဲ့ ကျူးဘားဆေးပြင်းလိပ်ကို ရရှိပါပြီ။

ဆေးပြင်းလိပ်တွေရဲ့ ဆေးရိုး၊ ဆေးရွက်၊ ဆေးစပ်ဟပ်ပုံ

ကျူးဘားဆေးပြင်းလိပ်တွေရဲ့ ဘူမိနက်သန်နေရာ

ကျူးဘားဆေးပြင်းလိပ်တွေရဲ့ အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ နေရာကတော့ ပနားဒယ်ရီယို (Pinar Del Río) ဆိုတဲ့ ကျူးဘားရဲ့ အနောက်ဘက်စူးစူးက ဒေသဖြစ်ပြီး ၇၀ရာခိုင်နှုန်းသော ကျူးဘားဆေးပြင်းလိပ်တွေရဲ့ ပရီမီယံဆေးရွက်ကြီးတွေဟာ ဒီဒေသက ထွက်ရှိတာဖြစ်ပါတယ်။ အဲဒီနေရာမှာဆိုရင် ကျူးဘားအစိုးရပိုင် ဆေးပြင်းလိပ် ကုမ္ပဏီက စိုက်ခင်းတွေ အများအပြားပိုင်ဆိုင်ပြီး ကျွမ်းကျင်တဲ့ လုပ်သားတွေနဲ့ ဒီစီးပွားရေးလုပ်ငန်းကြီးကို လည်ပတ်နေပါတယ်။

ဒီကုမ္ပဏီရဲ့ တာဝန်ခံ ရီရှေးမိုရင်းရီကို ကတော့ ဆေးပြင်းလိပ်တွေကို ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်မယ်ဆိုရင် အချက်လေးချက်နဲ့ ပြည့်စုံရမယ်လို့ ဆိုပါတယ်။ ပထမဆုံးကတော့ ဆေးရိုးပင်ကို စိုက်ပျိုးတဲ့ မြေဆီလွှာဖြစ်ပြီး ဒုတိယအချက်ကတော့ ဆေးရိုးပင်တွေအတွက် ကောင်းမွန်မျှတတဲ့ ဥတုရာသီဖြစ်ပါတယ်။ တတိယကတော့ ဆေးစပ်၊ ဆေးလိပ်တဲ့ သူတွေရဲ့ ကျွမ်းကျင်မှုဖြစ်ပြီး နောက်ဆုံးကတော့ ဆေးပြင်းလိပ်ထဲမှာပါတဲ့ ဆေးရွက်၊ ဆေးသားတွေရဲ့ အနံ့၊ အရသာ အချိုးအစား မှန်ကန်မျှတမှုဖြစ်ပါတယ်။

သူကဆက်ပြီး ခုဆိုရင် တခြားလက်တင်နိုင်ငံတွေဟာ ကျူးဘားကို လိုက်တုဖို့အတွက် ဒီကနေ ပျိုးပင်တွေကို သယ်တယ်၊ ဆေးစပ်နည်းတွေ အတုခိုးတယ်၊ ဆေးလိပ်တဲ့ ပညာရှင်တွေဆီက နည်းတွေယူတယ် စသည်ဖြင့် လိုက်လုပ်နေကြပါတယ်။ ဒါပေမဲ့ မြေဆီလွှာနဲ့ ကျူးဘားရဲ့ ရာသီဥတုကိုတော့ သူတို့ ဘယ်တော့မှ လိုက်တုနိုင်မှာ မဟုတ်လို့ ကျူဘားဆေးပြင်းလိပ်လို ဂုဏ်ကြီးမှုမျိုး ရဖို့ ခက်နေဦးမှာပါတဲ့။

ဆေးပြင်းလိပ်တစ်ခုရဲ့ တန်ဖိုး

ဆေးပြင်းလိပ်တွေရဲ့ တန်ဖိုးကို သတ်မှတ်ရာမှာ ဆေးသား စပ်ဟပ်ကောင်းမွန်မှု တစ်ခုတည်းနဲ့တော့မဟုတ်ပါဘူး။ ယေဘူယျအားဖြင့် ဆေးပြင်းလိပ်တွေဟာ ဆေးသားကောင်းမွန်မှုအပြင် ပထမဆုံးအနေနဲ့ အရွယ်အစားကလည်း စကားပြောပါတယ်။ အရွယ်အစား ဆိုရာမှာ လုံးပတ်ကော၊ အရှည်ရောပါဝင်ပြီး အကြမ်းဖျင်းသတ်မှတ်မယ်ဆိုရင် အရွယ်အစားကြီးလေ ဈေးပိုကြီးလေပါပဲ။ နောက်တစ်ခုကတော့ ဗီတိုလာ (Vitola) လို့ခေါ်တဲ့ ဆေးပြင်းလိပ် လိပ်တဲ့ ပုံစံပဲဖြစ်ပါတယ်။ လိပ်တဲ့ပုံစံအပေါ်မူတည်ပြီး အချိန်ပိုပေးရလေ ဈေးပိုကြီးလေလို့ မှတ်ထားလို့ရပါတယ်။

ဆေးပြင်းလိပ် အရွယ်အစားအမျိုးမျိုး

နောက်တစ်ခုကတော့ ယာမကာတွေလိုပဲ သက်တမ်းပါ။ ဆေးပြင်းလိပ်တွေဟာလည်း သက်တမ်းပိုရင့်လေ ဆေးသားပိုတက်ပြီး အနံ့ကော အရသာပါပိုပြင်းလေ ဖြစ်လို့ပါပဲ။ နောက်ဆုံး တစ်ခုကတော့ တံဆိပ်ပဲ ဖြစ်ပါတယ်။ ကျူးဘားမှာဆို Habanos ဆိုတဲ့ ကျူးဘားအစိုးရ တစ်ဝက်ပိုင်ဆိုင်ပြီး လည်ပတ်နေတဲ့ တံဆိပ်က ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးဖြစ်ပြီး ကျူဘားဆေးပြင်းလိပ် ခရေဇီတွေရဲ့ သည်းခြေကြိုက် လည်းဖြစ်ပါတယ်။

ဆေးပြင်းလိပ် ပုံစံအမျိုးမျိုး

ဒီတံဆိပ်ရဲ့ ကမ္ဘာအနှံ့ဖြန်ချိ ကုန်သွယ်မှုတွေကိုလည်း ကျူဘား အစိုးရကပဲ ချုပ်ကိုင်ထားပြီး တင်သွင်းမဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ကုမ္ပဏီကိုလည်း သေချာစိစစ်ပြီးမှသာ ခွင့်ပြုပေးတာပါ။ အဓိကကတော့ ဈေးကွက်ထဲမှာ အတုတွေက အရမ်းဗွက်ထနေလို့ ဖြစ်ပါတယ်။ သူတို့ ဒီဆေးပြင်းလိပ်ကို မတင်ပို့နိုင်တဲ့ နိုင်ငံက တစ်နိုင်ငံပဲ ရှိပါတယ်။ အဲဒါကတော့ အမေရိကန်ပါပဲ။

အမေရိကန်နိုင်ငံဟာ သမ္မတကနေဒီ လက်ထက် ကျူးဘားနဲ့ ဒုံးပျံအရေးအခင်းတွေ၊ ဝက်ပင်လယ်အော် ကျူးကျော်မှုတွေ ပြီးတဲ့နောက် ၁၉၆၂ မှာ ကျူးဘားရဲ့ သွင်းကုန်မှန်သမျှ ပိတ်ပင်တဲ့ ဥပဒေ ထုတ်ပြန်ခဲ့တာပါ။ ကျူဘားဆေးလိပ်ကြိုက်တဲ့ သမ္မတကြီးကတော့ ဒီဥပဒေကို လက်မှတ်မထိုးခင်မှာ သူ့ရဲ့ လက်ထောက်တွေကို ကျူးဘားဆေးပြင်းလိပ် ထောင်ကျော်ဝယ်ခိုင်းခဲ့ပြီး စုထားလိုက်ပါတယ်တဲ့။ အဲဒီအချိန်ကစလို့ အမေရိကန်တွေရဲ့ ဆေးပြင်းလိပ် အာသီသဟာ လွယ်လွယ်နဲ့ မပြည့်တော့ဘဲ မှောင်ခိုဈေးကွက်တွေ၊ အတုတွေလည်း ပေါ်လာပါတော့တယ်။

ဒါပေမဲ့ သမ္မတ အိုဘားမားလက်ထက်မှာတော့ ဖြေလျှော့မှုတချို့လုပ်ပေးခဲ့ပြီး အကယ်၍ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ကျုးဘားကိုအလည်သွားလို့ ဆေးပြင်းလိပ်ဝယ်ခဲ့ချင်တယ်ဆိုရင် ဒေါ်လာ ၈၀၀ဖိုးအောက်ကိုဆို အခွန်လွတ်နဲ့ အဲ့ထက်ကျော်ရင်တော့ ထိုက်သင့်တဲ့ အခွန်ဆောင်ပြီး သယ်လာခွင့်ပြုပေးခဲ့ပါတယ်။ စီးပွားဖြစ် တင်သွင်းခွင့်တော့ မပြုသေးပေမဲ့ ဒီဖြေလျှော့မှုကြောင့် ဈေးကွက်ထဲမှာ ကျူးဘားဆေးပြင်းလိပ်အတုတွေ ပြန်နှံ့မှုကတော့ တော်တော်နည်းသွားတယ်လို့ ဆေးပြင်းလိပ်ဆရာတွေရဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

Cigar ခဲနေသော သမ္မတကနေဒီ

ကျူးဘားဆေးပြင်းလိပ်တွေရဲ့ အနာဂတ်

အမေရိကန် အစိုးရကသာ ကျုးဘားဆေးပြင်းလိပ်တွေကို တင်သွင်းခွင့် ပိတ်ထားပေမဲ့ စာရင်းအင်းတွေ အရတော့ အမေရိကန်ဟာ ကမ္ဘာမှာ ဆေးပြင်းလိပ်အသောက်ဆုံးနိုင်ငံအဖြစ်နဲ့ ရပ်တည်နေပါတယ်။ နောက်ပြီး ဆေးပြင်းလိပ် ကုန်သွယ်မှုဏ္ဍဟာလည်း နှစ်စဉ်မှန်မှန် တိုးတက်နေပြီး ဈေးကွက်ကျွမ်းကျင်သူတွေကတော့ ၂၀၂၅ ကြရင် ဆေးပြင်းလိပ် ကုန်သွယ်မှုဟာ ၂၁ဘီလီယံလောက်ထိရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ခုချိန်မှာတော့ ဆေးပြင်းလိပ် ကုန်သည်တွေဟာ ကပ်ရောဂါကြောင့် ကျူးဘားဆေးပြင်းလိပ်တွေ လိုသလောက် မရမှာကို စိုးရိမ်နေကြပါတယ်။ ကပ်ရောဂါကြောင့် စိုက်ခင်းအလုပ်သမားတွေ နားထားရသလို သင်္ဘောဆိပ်တွေလည်း အဝင်အထွက်ကန့်သတ်မှုတွေ ရှိနေတာကြောင့်ပါ။ ဒါကြောင့် ကုန်သည်တွေကတော့ ကျူးဘားအစိုးရအနေနဲ့ ကပ်ရောဂါကြောင့် ထိခိုက်မှုတွေကို ကာကွယ်ဖို့ ဈေးကိုပဲ ဆွဲတင်မလား၊ အရင်ပေးနေကြ ဒစ်စကောင့်တွေကိုပဲ ဖျက်သိမ်းတော့မလားဆိုတာကိုတော့ စောင့်ကြည့်နေဆဲပါ။

ကျူးဘားနဲ့ပတ်သတ်ပြီး ပေါ်လစီဖြေလျော့ပေးပြီးနောက် လက်ဆောင်ရရှိသော ကျူးဘားဆေးပြင်းလိပ်နဲ့ သမ္မတ အိုဘားမား

နိဂုံးချုပ်အနေနဲ့ဆိုရင် ခုချိန်မှာ နီကာရာဂွာတို့၊ ဒိုမီနီကန်တို့ကလည်း သူတို့ ကိုယ်ပိုင်ဟန်တွေနဲ့ ဆေးပြင်းလိပ်တွေ ထုတ်လုပ်နေပြီး ဈေးကွက်မှာလည်း ဝေစုတွေတော်တော်များများ ရယူထားနိုင်ကြပါတယ်။ အမေရိကန်ထဲမှာကိုပဲ စစ်တမ်းတွေအရ ဒီလိုနောက်တက် ဆေးပြင်းလိပ်တွေရဲ့ အမာခံ ပရိတ်သတ်တွေလည်း အများအပြားရှိနေပြီးဖြစ်တဲ့အတွက် ကမ္ဘာ့အကောင်းဆုံး ဆေးပြင်းလိပ်ဆိုတာ ဘယ်ဟာပါလို့ လက်ညှိုးထိုး ခေါင်းစဉ်တပ်ဖို့ မလွယ်ကူတော့ပါဘူး။

လူတစ်ကိုယ် အကြိုက်တစ်မျိုးဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့ အနံ့အရသာ၊ ဖီလင်ကိုပေးစွမ်းနိုင်ရင် ကိုယ့်အတွက်ကတော့ အကောင်းဆုံး ဆေးပြင်းလိပ်ဖြစ်နေမှာပါ။ ဒါပေမဲ့ ဝိုင်တွေမှာ ဝိုင်အရသာကို အကဲဖြတ်ပေးတဲ့ ကျွမ်းကျင်သူတွေရှိသလို ဆေးပြင်းလိပ်မှာလည်း ဒီလို အကဲဖြတ်ကျွမ်းကျင်သူတွေ ရှိကြပြီး သူတို့အသိုင်းအဝိုင်းမှာတော့ စစ်မှန်တဲ့ ကာရီဘီယံအငွေ့အသက်တွေနဲ့ မှိုင်းညှို့ရီဝေပြီး ယောက်ျားဆန်တဲ့ အနံ့အရသာကိုတော့ ကျူးဘားဆေးပြင်းလိပ်တွေကသာ ပေးစွမ်းနိုင်တယ်လို့ ခံယူထားကြတုန်းပါပဲ ခင်ဗျား။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Business Insider
Photo Credit: Charles-Philippe Bowels & Paul Anthony from Besspoke Unit,
Yuting Gao/Pexel , On Cuban News, The Review Magazine, Pinterest

 

%d bloggers like this: