0

Cruise Lines ကြီးများပြန်လည်ပြေးဆွဲမှု စက်တင်ဘာလထိ ထပ်မံရွှေ့ဆိုင်း

Share

အဓိက Cruise လိုင်းကြီးများဖြစ်သည့် Royal Caribbean, Carnival Corp. နှင့် Norwegian Cruise Line တို့သည် အမေရိကန်ပြင်ပသို့ ဆိပ်ကမ်းဆီသို့ပြေးဆွဲမှုကို စက်တင်ဘာ ၁၅ ရက်နေ့ထိ ရပ်နားထားမည်ဖြစ်ကြောင်း နိုင်ငံတကာခရီးသည်တင်သင်္ဘောလိုင်းကြီးများအဖွဲ့ဖြစ်သည့် (Cruises Lines International Association – CLIA) ကပြီးခဲ့သည့်သောကြာနေ့တွင် ကြေငြာလိုက်သည်။

အမေရိကားတွင် Covid-19 ဗိုင်းရပ်စ်ဆက်လက်ဖြစ်ပွါးနေသည့် အခြေအနေများကြောင့် CLIS အဖွဲ့ဝင်သင်္ဘောလိုင်းကြီးများသည် ခရီးသည်တင် ဝန်ဆောင်မှုပေးနေသည့် သင်္ဘောပြေးဆွဲမှုကို အားလုံးသဘောတူညီချက်ဖြင့် စက်တင်ဘာလလယ်ထိ ရပ်နားထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်သည်လည်း ကမ္ဘာ့အကြီးဆုံးသင်္ဘောလိုင်းကြီးများ၏ သဘောထားနှင့်အတူတူပင်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။ “အမေရိကန်မှာ Covid-19 အခြေအနေတည်ငြိမ်လာဖို့နဲ့ လူတိုင်းအတွက် လုံခြုံမှုရှိစေဖို့အတွက် အချိန်ယူရဦးမယ်ဆိုတာ ပိုနားလည်လာပါတယ်” ဟု ဆိုထားသည်။

အဆိုပါအဖွဲ့တွင် အဓိက Cruises လိုင်းကြီးများဖြစ်သည့် Royal Caribbean, Carnival Corp နှင့် Norwegian Cruise Line တို့ပါဝင်ပြီး သင်္ဘောခုတ်မောင်းပြေးဆွဲမှုကို မတ်လ ၁၃ ရက်နေ့ကတည်းက ရပ်နားထားကြခြင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး Cruise ကုမ္ပဏီကြီး Carnival Corp ကပိုင်ဆိုင်သည့် Carnival Cruise Line က လာမည့်သြဂုတ်လ ၁ ရက်နေ့တွင် သင်္ဘောပြန်ပြေးဆွဲတော့မည်ဟု ယခင်ကကြေငြာထားခဲ့ဖူးသည်။ သင်္ဘောလိုင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ Vance Gulliksen က ခရီးစဉ်ရွှေ့ဆိုင်းခြင်းခံရသည့် ခရီးသည်များကို လာမည့်တနင်္လာနေ့တွင် ကုမ္ပဏီမှ အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။ Carnival Corp ၏ ရှယ်ယာဈေးများသည် ၅.၂% ကျဆင်းခဲ့ပြီး Royal Caribbean စတော့များက ၆.၉% နှင့် Norwegian Cruise Line ၏ရှယ်ယာများက ၅.၆% အသီးသီးကျဆင်းကာ ဈေးကွက်ပိတ်ခဲ့သည်။

“ကျန်းမာရေး ကာကွယ်စစ်ဆေးမှုစည်းကမ်းတွေနဲ့အတူပြန်လာမယ့် Cruise လိုင်းတွေရဲ့ အနာဂတ်ဟာ ပြန်လည်တိုးတက်ကောင်းမွန်လာမယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပေမဲ့ ခရီးသည်တွေနဲ့ သင်္ဘောဝန်ထမ်းတွေရဲ့ ကျန်းမာရေးလုံခြုံမှုကို လုံးဝစိတ်ချစေချင်တာကြောင့် အခုလို သင်္ဘောလိုင်းများပြန်ပြေးဆွဲမယ့် အချိန်ကိုရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ် ဟု CLIA ကသောကြာနေ့တွင် ပြောကြားခဲ့သည်။

ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါက ခရီးသွားလုပ်ငန်းကြီးတခုလုံးကို ပျက်စီးစေခဲ့ပြီး Cruise လိုင်းများကိုလည်း ပြင်းထန်စွာရိုက်ခတ်ခဲ့သည်။ Cruise လိုင်းကြီးများ၏ ထိပ်တန်းအုပ်ချုပ်ရေးအရာရှိများက အနာဂတ်တွင် သင်္ဘောများပြန်လည်ပြေးဆွဲလျှင် ခရီးသည်၏ဝယ်လိုအားပြန်တက်လာမည်ဟု ယုံကြည်ချက်ရှိနေကြသော်လည်း ပြီးခဲ့သည့် လများတွင် ဝင်ငွေလုံးဝမရှိခဲ့သောကြောင့် ယင်းကုမ္ပဏီများကိုယ်တိုင် အကြွေးသစ်များယူရန်နှင့် ငွေသားပြုလုပ်နိုင်မည့် အခွင့်အရေးများရှာဖွေကာ ရုန်းကန်ခဲ့ကြရသည်။ အဓိကသင်္ဘောလိုင်းကြီး ၃ လိုင်းမှ အငယ်ဆုံးဖြစ်သည့် Norwegian Cruise Line က ကုမ္ပဏီကိုကယ်တင်ရန်အတွက် လိုအပ်လျှင် ဒေဝါလီခံ၍အကာအကွယ်ယူရလိမ့်မည်ဟု မေလက ပြောကြားခဲ့ဖူးသည်။ သူ၏ ကျန်ပြိုင်ဖက် ၂ ဦးကတော့ ဒေဝါလီခံမည့်အကြောင်းအရာ တစုံတခုမှပြောကြားခဲ့ခြင်းမရှိပေ။

Cruise လိုင်းကြီးများသည် ၂၀၂၀ တနှစ်လုံးနီးနီးရပ်နားထားရဖွယ်ရှိပြီး သင်္ဘောပြန်ပြေးဆွဲသည့်တိုင်အောင် ကုမ္ပဏီကြီးများက စီးပွားရေးကြပ်တည်းသည့်ဒဏ်ကို ခံစားရမည်ဖြစ်သည်။ သို့သော်လည်း အဓိက Cruises လိုင်း၃လိုင်းမှာ ၂၀၂၀ ကိုတောင့်ခံနိုင်ရန်အတွက် လုံလောက်သော ချေးငွေနှင့်အရင်းအနှီးများ ရရှိထားကြပြီဖြစ်ကြောင်း Rating Agency ဖြစ်သည့် Moody အရာရှိတဦးဖြစ်သူ Pete Trombetta ကပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC News
Photo: Globetrender

%d bloggers like this: