ကမ္ဘာပေါ်မှာရှိတဲ့ ကော်ဖီရောင်းချတဲ့ လုပ်ငန်းတွေဟာ ပုံမှန်ကြည့်ရင် မသိသာပေမဲ့ တကယ်တမ်းမှာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ စွန့်ပစ်ပစ္စည်းတွေ အများကြီးထွက်ပါတယ်။ ပါဆယ်ပေးတဲ့ ပလတ်စတစ်ခွက်တွေကစလို့ ကော်ဖီနှပ်ပြီးထွက်လာတဲ့ ကော်ဖီအနှစ်တွေအထိ စွန့်ပစ်ပစ္စည်းတွေ အများကြီးထွက်လေ့ရှိပြီး ကော်ဖီအနှစ်တွေကိုဆိုရင် အမှိုက်ပစ်တဲ့ နေရာတွေမှာ ဒီအတိုင်း သွားပုံထားကြတာများပါတယ်။ ကော်ဖီကုမ္ပဏီကြီးဖြစ်တဲ့ Starbucks ကတော့ ခုဆိုရင် ပြန်လည်အသုံးပြုနိုင်တဲ့ ကော်ဖီခွက်တွေကို စတင်အသုံးပြုနေပြီ ဖြစ်ပေမဲ့ စွန့်ပစ်ပြီးထွက်လာတဲ့ ကော်ဖီအနှစ်တွေကတော့ ပြဿနာတစ်ခုအနေနဲ့ ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ တုန်းကပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ တစ်ရက်ကို ကော်ဖီခွက်ပေါင်း ၂ဘီလီယံလောက် ရောင်းချနေရပြီး ကော်ဖီအနှစ်တွေကတော့ တစ်နှစ်ကို တန်၆သန်းလောက် ထွက်တယ်လို့ သိရပါတယ်။ ဒီကော်ဖီအနှစ်တွေဟာ ဒီလိုမျိုး ပစ်စလတ်ခတ် မြေစာပုံလို စွန့်ပစ်ထားခဲ့ရင် သူတို့ဆွေးမြေ့တဲ့အခါမှာ ဖန်လုံအိမ်ဓါတ်ငွေ့တွေကို ထုတ်လွှတ်လေ့ရှိပြီး ကမ္ဘာကြီး ပူနွေးမှုကို ပိုမိုဖြစ်စေတာပါ။ ဒါပေမဲ့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ Bio-bean ဆိုတဲ့ ကုမ္ပဏီလေးကတော့ ဒီအမှိုက်တွေကို ရွှေဖြစ်အောင် လုပ်ဖို့ကြိုးစားနေခဲ့ပါတယ်။ သူတို့ဟာ ခုဆိုရင် ကော်ဖီအနှစ်ပေါင်း တန်၇ထောင်လောက်ကို ပြန်လည်အသုံးပြုနိုင်တဲ့ လောင်စာတွေဖြစ်အောင် ထုတ်လုပ်ပေးပြီးပါပြီ။ ၂၀၁၇တုန်းကဆိုရင် ကော်ဖီကထုတ်လုပ်တဲ့ စက်သုံးဆီကို လန်ဒန်က ဘတ်စ်ကားတွေမှာ စမ်းသုံးကြည့်ဖို့ အောင်မြင်စွာထုတ်လုပ်ပေးခဲ့ပြီး စီးပွားဖြစ်ထုတ်နိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ခုဆို သူတို့ဟာ တခြားထုတ်ကုန်တစ်ခုကို ပြောင်းထုတ်ခဲ့ပါတယ်။
အဲဒါကတော့ ကော်ဖီကနေထုတ်တဲ့ အိမ်သုံး လောင်စာမီးသွေးတောင့်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ စောဒကတက်စရာ တစ်ခုကတော့ တကယ်လို့ ဒီလောင်စာတောင့်ကို မီးရှို့ရင်ကော ထွက်လာတဲ့ ဓါတ်ငွေ့က လေထုညစ်ညမ်းတာပဲ မဟုတ်ဘူးလားလို့ပါ။ Bio-bean ရဲ့သုတေသနပြုလုပ်ချက်တွေအရ ကော်ဖီအနှစ်တွေကို ဒီလိုမျိုးလောင်စာတောင့်အဖြစ် မီးရှို့အသုံးပြုတာဟာ ကော်ဖီအနှစ်တွေကို ဒီအတိုင်း တောင်ပုံရာပုံစွန့်ပစ်တာထက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ၈၀ ရာခိုင်နှုန်းအထိ သက်သာစေတယ်လို့ ဆိုပါတယ်။
Bio-bean ကုမ္ပဏီဟာ ၂၀၁၃ ကတည်းကတည်ထောင်ခဲ့တာဖြစ်ပြီး ခုဆိုရင် ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၇သန်းလောက် ရရှိထားပြီဖြစ်ပါတယ်။ သူ့ရဲ့ စွန့်ပစ်ကော်ဖီတွေ စုဆောင်းတဲ့ ဆိုင်တွေကတော့ Costa Coffee, London Stansted Airport နဲ့ ရထားလုပ်ငန်း လည်ပတ်နေတဲ့ Network Rail တို့အဓိကပါဝင်ပြီး ခုချိန်မှာတော့ ကိုဗစ်-၁၉ ကြောင့် ကော်ဖီဆိုင်တွေ ပိတ်ထားရတဲ့အတွက် လုပ်ငန်းကုန်ကြမ်းရရှိဖို့ခက်ခဲနေပါတယ်။ သူတို့ရဲ့ စက်ရုံကိုတော့ အင်္ဂလန်ရဲ့ ကိန်းဘရစ်ရှိုင်းယားဒေသမှာ တည်ဆောက်ထားပြီး အဓိကထုတ်ကုန် ၂မျိုးကို ထုတ်လုပ်တာပါ။ အဲဒါတွေကတော့ စက်မှုလုပ်ငန်းတွေနဲ့ ဘွိုင်လာတွေမှာ သုံးဖို့အတွက် လောင်စာတောင့်အကြီးစားတွေနဲ့ နောက်တစ်ခုကတော့ ကော်ဖီထင်း (Coffee Log) လို့ နာမည်ပေးထားတဲ့ မီးလင်းဖိုတွေမှာ သုံးဖို့ သစ်သားအစားထိုး လောင်စာတောင့်လေးတွေဖြစ်ပါတယ်။
Bio-bean ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဂျေ့ချ်မေကတော့ ကော်ဖီဟာ နဂိုကတည်းကိုက အပူထုတ်နိုင်စွမ်းအားမြင့်တဲ့ အတွက် သူတို့ရဲ့ ကော်ဖီလောင်စာတောင့်တွေဟာ ပုံမှန် သစ်သားတုံးတွေထက် ၂၀ရာခိုင်နှုန်း ပိုပူပြီး အချိန်လည်း ပိုကြာကြာခံတယ်လို့ ပြောသွားပါတယ်။ တချို့ပညာရှင်တွေကတော့ ဒီလိုမျိုးစွန့်ပစ် ကော်ဖီတွေဟာ အချိန်ကြာလာရင် ဆာလဖာပါတဲ့ဓါတ်တွေ ထွက်လာတတ်လို့ ဒီကော်ဖီလောင်စာတောင့်တွေကို သုံးရင် လူကိုအန္တရယ်ဖြစ်စေတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်လို ဓါတ်ငွေ့မျိုးတွေ မထွက်လာဖို့ Bio-bean အနေနဲ့ သုတေသနေတွေ ထပ်ပြုသင့်ကြောင့် အကြံပေးကြပါတယ်။ ဒါပေမဲ့ Bio-bean ကတော့ သူတို့ ထုတ်ကုန်တွေဟာ ဗြိတိန်ရဲ့ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် မှတ်ပုံတင်ဌာနမှာ စာရင်းသွင်ပြီးဖြစ်တဲ့အတွက် စိတ်ချလက်ချသုံးလို့ရကြောင်း ပြန်ချေပထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN
Photo: Small Action Big Impact