photo: scmp
တရုတ်ပြည်မှာ ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက်သောက်လာတဲ့ ဓလေ့ဟာ ၂၀၀၀ ခုနှစ်ကျော်ကျော်မှာ တဟုန်ထိုးတိုးတက်လာပါတယ်။ တရုတ်ပြည် စီးပွားတိုးတက်မှုတွေနဲ့ အတူ ကော်ဖီယဉ်ကျေးမှုကပ်ပါလာတာဟာ အရေးပါတဲ့ လူနေမှုစတိုင်လေးဖြစ်လာခဲ့ပါတယ်။ သင်ဆိုရင်ရော တနိုင်ငံလုံးကြိတ်ကြိတ်တိုး ကြိုက်နေကြတဲ့ ကော်ဖီဈေးကွက်ထဲကို အချိန်တော်တော် နောက်ကျမှ ဝင်တိုးရဲပါသလား။
တရုတ်လူမျိုးတွေရဲ့ အပြိုင်အဆိုင် ဝင်ကျဲလိုမှုက စီးပွားရေးလုပ်ငန်းတိုင်းမှာဖြစ်ကြောင်း ဒါက သက်သေပြနေပါတယ်။ ၂၀၁၇ အောက်တိုဘာလကျမှ လက်ခ်ကင်း Luckin Coffee ကို ချန် Qian Zhiya က တည်ထောင်ခဲ့တာပါ။ တကယ့် အချိန်တိုလေးပဲ ရှိပါသေးတယ်။ တရုတ်လူမျိုးတွေရဲ့ ဈေးဝယ်ပုံ၊ ဖေါက်သည်အနေအထားတွေကို တရုတ်တွေပဲ နားလည်တယ်ဆိုတာကို ချန်က ကောင်းကောင်းကြီး လုပ်ပြနေပါတယ်။ ၂၀၁၉ လည်း ရောက်ရော ချန်ရဲ့ လက်ကင် ကော်ဖီဆိုင်အရေအတွက်ဟာ တရုတ်ပြည် အနယ်နယ် အရပ်ရပ်မှာ ဆိုင်ခွဲပေါင်း ၄၅၀၇ ဆိုင် ရှိနေပါပြီ။
ချန်က အဲ့ဒီ့နေရာမှာ ရပ်မသွားသေးပါဘူး။ သူ့ရှေ့ နောင်တော်ကြီးတွေအတိုင်း ရှယ်ယာအချို့ကို အများပိုင်အနေနဲ့ ထုတ်ရောင်းဖို့ ၂၀၁၈ ဂျူလိုင်မှာဆုံးဖြတ်၊ လုပ်ဆောင်ခဲ့ပြီး မနှစ်က ၂၀၁၉ မှာလည်း IPO Size ကို ထပ်မံတိုးချဲ့ခဲ့လို့ အခုအခါမှာတော့ ဒေါ်လာ ၁၁ ဘီလျံတန် လုပ်ငန်းကြီးဖြစ်နေပါပြီ။ စီးပွားရေးသုံးသပ်သူတွေနဲ့ ဘဏ္ဏာရေး ပညာရှင်တွေကြားမှာ
ကမ္ဘာ့အကြီးဆုံး ကော်ဖီဆိုင်လုပ်ငန်းကြီး Starbucks ကို မကြာခင်ပဲ အပြုတ်ဖြုတ်နိုင်တော့မှာလားဆိုတာတွေ ဖြစ်လာနေပါပြီ။
IPO မှာ ရှယ်ယာတစ်ခုကို ၁၇ ဒေါ်လာနဲ့ စဖွင့်ခဲ့တဲ့ လက်ခ်ကင်ဟာ မနေ့က မတ်လ ၁၃ ရက် ၂၀၂၀ မှာတော့ LK(Nasdaq) အညွှန်းကိန်းမှာ ရှယ်ယာတစ်စုကို ၃၂ ဒေါ်လာ ကျော်ကျော်ရှိနေပါပြီ။
သူတို့ ဘာလို့ ၂ နှစ်ကျော်အတွင်း ဆိုင်ခွဲ ၄ထောင့် ၅ ရာကျော်သွားတာလည်း၊ အများပိုင်ရှယ်ယာထုတ်ရောင်းတာတွေကလည်း ၂၀၀ ရာခိုင်နှုန်းနီးပါး အမြတ်တွေများလာတဲ့ အခါ ဝယ်ယူရင်းနှီးမြှုပ်နှံသူတွေကို မြန်မြန်အကျိုးပြုနေပြီလား၊ တည်ထောင်သူတွေရဲ့ ဈေးကွက်အနေအထားနဲ့ တရုတ်လူမျိုးတွေအပေါ် နားလည်မှု၊ ကမ္ဘာ့ ရှယ်ယာဈေးကွက်ကို ဘယ်အချိန်ဝင်ရမလဲဆိုတာကို ဆုံးဖြတ်မှု စတဲ့ စိတ်ဝင်စားစရာအချက်တွေ အများကြီး ရှိလာပြီမို့ အာရှရဲ့ စီးပွားရေးဘီလူးကြီး တစ်ကောင်အဖြစ် စောင့်ကြည့်လာရပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
မိုဘိုင်းဖုန်းလောကရဲ့ အပြင်းထန်ဆုံးအခြေအနေမှာ စတင်လိုက်တဲ့ ဟွဝေဖုန်း၊ နည်းပညာတွေနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ အတော်ဆုံး ပညာရှင်တွေနဲ့ နေရာပေး၊ အောင်မြင်မှုတွေရယူလာနေတဲ့ အလီဘာဘာတို့လို ဖြစ်လာမယ့် လက်ခ်ကင်ကော်ဖီအကြောင်းမျှဝေလိုက်ပါတယ်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ပုံလုပ်နည်းတွေ၊ ဖြေရှင်းနည်းတွေ သင့်ပတ်ဝန်းကျင်က ပိုမိုသိရှိဖို့ Like & Share လုပ်ရင်း ကူညီနိုင်ပါတယ်ခင်ဗျ။
Orio Economics
source: luckin coffee, cnbc, daxueconsulting, hedgeeye