Qatar Airways ၏ လေယာဉ်အမြောက်အများမှာယူမှုကို Boeing ရရှိ

တနင်္လာနေ့က အမေရိကန်အိမ်ဖြူတော်တွင်ပြုလုပ်သည့်အခမ်းအနားတွင် ကာတာလေကြောင်း (Qatar Airways) ထံမှ လေယာဉ်အော်ဒါမှာယူမှုကြီးကြီးမားမားကို အမေရိကန်လေယာဉ်ထုတ်လုပ်သူ ဘိုးရင်း (Boeing) က ရရှိခဲ့သည်။
အော်ဒါမှာယူမှုတန်ဖိုးသည် ဒေါ်လာ ၃၄ ဘီလျံဖိုးရှိသည်ဟု ဘိုးရင်းက ကြေညာအပြီးတွင် ရှယ်ယာတန်ဖိုးများလည်း ၅.၁% မြင့်တက်ခဲ့ပြီး ရှယ်ယာ ၁ စုလျှင် ၂၀၀.၂၄ ဒေါ်လာသို့ရောက်ရှိခဲ့သည်။
အဆိုပါပွဲတွင် ကာတာလေကြောင်း၏ အမှုဆောင်ချုပ် အက္ကဘာ အယ် ဘေကာ (Akbar Al Baker) က ဘိုးရင်း 737 Max 10 မော်ဒယ် ၂၅ စီး ကနဦးဝယ်ယူမည်ဆိုသည်ကို လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်တွင် နောက်ထပ် ၂၅ စီး ထပ်မံဝယ်ယူခွင့်လည်း ပါရှိခဲ့သည်။
737 Max 10 အမျိုးအစားများသည် 737 Max အုပ်စုတွင် အကြီးဆုံး လေယာဉ်များဖြစ်ပြီး ယခုကဲ့သို့ အမြောက်အများမှာယူမှုများအတွက် လေကြောင်းလိုင်းများက လျှော့ဈေးများဖြင့် ရရှိလေ့ရှိကြသော်လည်း တန်ဖိုးမှာ များပြားနေဆဲဖြစ်ခဲ့သည်။

ဘိုးရင်းကုမ္ပဏီသည် ၎င်းတို့၏ ကုန်စည်သယ်ဆောင်သည့် လေယာဉ်အမျိုးအစား 777X ဂျက်လေယာဉ်ကြီးများအား တရားဝင်မိတ်ဆက်နိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။
ကာတာလေကြောင်းကပင် အဆိုပါကုန်စည်သယ်လေယာဉ် 777X ဂျက်လေယာဉ်ကြီး ၃၄ စီး ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
777X များသည် General Electric မှ ထုတ်လုပ်သော လေယာဉ်အင်ဂျင်များကို ၂ လုံးတပ်ဆင်၍ အသုံးပြုထားသည်။
ဘိုးရင်းသည် အဆိုပါ မော်ဒယ်များကို ခရီးသည်တင်လေယာဉ်များအဖြစ် ရောင်းချနိုင်ရန်လည်း စမ်းသပ်နေပြီး လာမည့် ၂၀၂၃ တွင် ခရီးသည်တင်ယာဉ်များအဖြစ် စတင်တာဝန်ထမ်းဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်းက လေကြောင်းမှကုန်စည်သယ်ယူမှုများသည် ကပ်ဘေးမဖြစ်ခင် အနေအထားထက်ပင် ၇% ပိုမိုတိုးတက်လာသည်ဟု ဘိုးရင်းက ကြေညာထားသည်။
ယခု ကုန်စည်သယ်ဆောင်မည့်လေယာဉ်အသစ်များသည် ကာဗွန်ထုတ်လုပ်မှုလည်း ၂၅% လျှော့ချနိုင်မည်ဟု ကုမ္ပဏီက ဆိုသည်။

ဘိုးရင်း၏ပြိုင်ဘက် ဥရောပ၏ Airbus လေယာဉ်ထုတ်လုပ်ရေးကလည်း ကုန်စည်သယ်ဆောင်မည့် ကိုယ်ထည်ကြီးမားသော A350 မော်ဒယ်အား ပြီးခဲ့သည့်နှစ်ကတည်းက မိတ်ဆက်လာနေခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ဘိုးရင်းနှင့် ကာတာလေကြောင်းတို့ အရောင်းအဝယ်မှာ ပြီးခဲ့သည့် သီတင်း ၂ ပတ်အတွင်း Airbus က ကာတာလေကြောင်းနှင့် A321neo အမျိုးအစားလေယာဉ် အစီး ၅၀ စာချုပ်အား ဖျက်သိမ်းကြောင်းကြေညာအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, SupplyChainBrain
Image: UPI

Share