0

Blue Oceanနဲ့Red Ocean Strategy ဆိုတာဘာလဲ?

Share

Blue Ocean နဲ့ Red Ocean ဆိုတာ မားကတ်တင်း သီအိုရီတွေဖြစ်ပြီး ကိုယ့်ရဲ့ကုန်ပစ္စည်းကို ဈေးကွက်ထဲမှာ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်မလဲဆိုတာ ဆုံးဖြတ်ရတဲ့ နည်းဗျူဟာတွေပဲ ဖြစ်ပါတယ်။ Blue Ocean၊ Red Ocean ဆိုတဲ့ အသုံးအနှုန်းကို Professors W. Chan Kimနဲ့Renee Mauborgne တို့က သူတို့ရဲ့စာအုပ်ဖြစ်တဲ့ Blue Ocean Strategy: How to Create Uncontested Market Space and Make the Competition Irrelevant (2005) မှာစတင်သုံးစွဲခဲ့ပြီးနောက် လူသုံးများတဲ့ စကားလုံးတခုဖြစ်လာခဲ့ပါတယ်။

Red Ocean

လူအများနဲ့ ရင်းနှီးပြီးသားဖြစ်မဲ့ Red Ocean Strategy အကြောင်း အရင်ပြောပြချင်ပါတယ်။ Red Ocean ဆိုတာကတော့ ယနေ့ထိ ဈေးကွက်ရှိပြီးသား industry တွေကို ဆိုလိုတာဖြစ်ပြီး ရှိပြီးသား ဈေးကွက် (Market) ထဲမှာပဲ ရှိပြီးသား ပြိုင်ဖက်တွေနဲ့အလဲထိုးယှဉ်ပြိုင် အနိုင်ယူရတဲ့ Strategy ပါပဲ။ သူ့ရဲ့အဓိက စည်းမျဉ်းကတော့ ယှဉ်ပြိုင်ခြင်းပါပဲ။

များသောအားဖြင့် ကုမ္ပဏီအချင်းချင်းဟာ ကိုယ့်ရဲ့Product ရဲ့price အပေါ်မှာ အဓိက ယှဉ်ပြိုင်လေ့ရှိကြပြီး demand များများရဖို့ ကြိုးစားကြရပါတယ်။။ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်သူ ပိုများလာတာနဲ့အမျှ (အမြတ်) profit နဲ့ တိုးတက်မှု (growth) တွေ လျော့ကျလာတတ်တယ်။

Product အများစုက စားသုံးကုန်လို ပစ္စည်းမျိုးတွေ ဖြစ်တတ်ပြီး ကိုယ့်ပစ္စည်း ဝယ်လိုအားတက်ဖို့ Market share ပိုရဖို့ အသေအကြေတိုက်ခိုက် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် သွေးသံရဲရဲ သမုဒ္ဒရာကြီးလို တင်စားတဲ့အတွက် Red Ocean Strategy လို့ခေါ်ပါတယ်။ Red Ocean Strategy ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ယှဉ်ပြိုင်မှုမှာ အနိုင်ရဖို့နဲ့ demand များများရဖို့ပါပဲ။

Red Ocean Strategy ရှိတဲ့ Industry တခုကို ဥပမာပေးရရင် အချိုရည် လောကပါပဲ။ အချိုရည်ဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့တာဖြစ်ပြီး ဒီလောကထဲ ဝင်ဖို့ဆိုရင်လဲ အတော်လေး ခက်ခဲပါတယ်။ ဘာကြောင့်လဲဆို Market leaders ကြီးတွေဖြစ်တဲ့ Coca-Cola နဲ့ Pepsi ကိုယှဉ်ပြိုင်နိုင်ဖို့၊ ပြီးတော့ market share ရှိပြီးသား အခြားပြည်တွင်းထုတ် အချိုရည် အမျိုးအစားများစွာတွေကြောင့် ဖြစ်ပါတယ်။ အချိုရည် အသစ်တခုအတွက် နောက်ထပ် စိန်ခေါ်မှု အကြီးစားတခုကတော့ brand ရှိပြီးသား အချိုရည်ကုမ္ပဏီတွေရဲ့ကြော်ငြာတွေ အောင်မြင်မှုတွေကြားမှာ သူထိုးဖောက်ရမဲ့ marketing strategy နဲ့ စားရိတ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိုရည်လောကဟာ ဝင်ရောက်ဖို့အလွန်ခက်ခဲပြီး၊ အချင်းချင်း ယှဉ်ပြိုင်မှု အင်မတန်မြင့်မားတဲ့ Red Ocean ကြီးပဲဖြစ်ပါတယ်။

Blue Ocean

ဆန့်ကျင်ဖက်ဖြစ်တဲ့ Blue Ocean ဆိုတာကတော့ ယနေ့အချိန်ထိ မရှိသေးတဲ့ ဈေးကွက်မျိုးကို ဆိုလိုပါတယ်။ ဈေးကွက်ရော ဝယ်လိုအားရော မရှိသေးတာကြောင့် သူ့မှာ တီထွင် ဆန်းသစ်မှုတွေက အသက်ပါ။ ဈေးကွက်မရှိသေးတော့ ပြိုင်ဖက် ဆိုတာလဲ မရှိပါဘူး။ ပြီးတော့ ဝယ်လိုအား (Demand) ကို ကိုယ်တိုင် ဖန်တီး တည်ဆောက်ပစ်ရပါတယ်။ သူကတော့ ဘယ်သူမှ မထိုးဖောက်ရသေးတဲ့ market ကြီးကို ဖန်တီးရတာမို့ ဖန်တီးနိုင်ရင် ဖန်တီးနိုင်သလောက် အကျိုးအမြတ်ရဖို့နဲ့ တိုးတက်ဖို့အလားအလာကောင်းများစွာ ပြည့်နှက်နေပါတယ်။ Blue Ocean အများစုဟာ ရှိပြီးသား Red Ocean တွေရဲ့boundaries တွေကို ဖောက်ထွက်ပြီး ထွက်ပေါ်လာတတ်ပါတယ်။ စစ်မှန်တဲ့ Blue Ocean ထဲမှာ ယှဉ်ပြိုင်သူဆိုတာ မရှိပဲ သူ့ရဲ့ရည်မှန်းချက်က မှန်ကန်တဲ့ ဈေးကွက်အခွင့်အလမ်း တခုကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။

Blue Ocean မှာ ယှဉ်ပြိုင်ခြင်းဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Blue Ocean ဆိုတဲ့ အပြာရောင် သမုဒ္ဒရာကြီးအတိုင်း ကျယ်ပြန့်တယ်။ နက်ရှိုင်းတယ်။ ခွန်အားကြီးတယ်။ မရှိသေးတာတွေကို ဖော်ထုတ်ပစ်ဖို့ ဈေးကွက်ကြီးရှိတယ်။ နောက်ပြီး အကျိုးအမြတ်များပြီး တိုးတက်ဖို့အခွင့်အလမ်းကောင်းတွေ အများကြီးရှိတယ်။

Blue Ocean Strategy နဲ့အောင်မြင်ခဲ့တဲ့ ဥပမာ တခုပေးရရင် iPod ပါပဲ။ ၂၀၀၁ ခုနှစ်မှာ iPod ကိုမိတ်ဆက်ခဲ့စဉ်တုန်းက Steve Job က iPod နဲ့ပတ်သက်ပြီး “Apple က သင်ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို အိတ်ကပ်ထဲ ထည့်ပြီး ကြိုက်တဲ့နေရာမှာ အချိန်မရွေး ကြိုက်သလို နားထောင်လို့ရတဲ့၊ အရင်ကမရှိခဲ့ဖူးတဲ့ digital music player ဆိုတဲ့အခန်းကဏ္ဍ အသစ်ကို တီထွင်ဖန်တီးလိုက်တာပဲ ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။ Apple ဟာ လူတွေကို သူတို့လိုချင်နေတဲ့ အရာထက် ပိုမြင်ခဲ့ပြီး ဘယ်သူမှမမျှော်လင့်ထားတဲ့ Product တခုကို ပေးခဲ့တာဖြစ်ပါတယ်။

Blue Ocean Strategy စာအုပ် ရေးသားသူကတော့ သင့်အနေနဲ့ ဘယ်နယ်ပယ်ကိုပဲ ရွေးရွေး အဓိက နားလည်သဘောပေါက်ရမှာကတော့ အောင်မြင်ဖို့ဆိုရင် Value creation ဆိုတဲ့ သင့်ပစ္စည်းနဲ့ပတ်သက်ပြီး စားသုံးသူတွေကို ပေးနိုင်တဲ့ စစ်မှန်တဲ့ တန်ဖိုးတစ်ခုနှင့် Innovation ဆိုတဲ့ ဆန်းသစ် တီထွင်နိုင်စွမ်းတို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ သင်က Market ထဲမှာရှိပြီးသားသူ တယောက်ဆိုလျှင်လည်း နောက်ထပ်ဝင်လာမဲ့ ပြိုင်ဖက် အသစ်တွေက ဖန်တီးမှုအသစ်တွေကို ယူဆောင်လာပြီး သင်ရှိပြီးသား Market Share ကို လုယူသွားနိုင်တယ်ဆိုတာ မမေ့ဖို့ပဲဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။

Reference: Blue Ocean Strategy: W. Chan Kim and Renee Mauborgne, Investopedia.

%d bloggers like this: