0

ဆန္ဒပြသူများကိုထောက်ခံမှုကြောင့် လူမည်းပိုင်စီးပွားရေးလုပ်ငန်းများ တိုးတက်လာ

Share

လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြခြင်းများ နိုင်ငံအနှံ့အပြားသို့ ရောက်ရှိလာခြင်းနှင့်အတူ လူမည်းပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများအား အားပေးထောက်ခံမှုများလည်း မြင့်တက်လာခဲ့သည်။

George Floyd သေဆုံးမှုကြောင့် လူမည်းများအား ထောက်ခံ အားပေးသည့် အနေဖြင့် လူပေါင်းများစွာက hashtags အသုံးပြုခြင်း၊ Google Docs များမျှဝေမှုမြင့်တက်ခဲ့ခြင်း၊ app အသုံးပြုသူများပြားလာခဲ့ခြင်းတို့ကြောင့် စီးပွားရေးတိုးတက်ပြောင်းလဲမှုအသစ်များဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ လူမည်းလူ့အဖွဲ့အစည်းကို ထောက်ပံ့ပေးသည့် နည်းလမ်းသစ်များ ရှာဖွေတွေ့ရှိလာခြင်းနှင့်အတူ လူမည်းပိုင် စီးပွားရေးလုပ်ငန်းလမ်းညွှန်သည့် apps များမှာလည်း အလွန်ရေပန်းစားလာခဲ့သည်။

ဂျွန်လတွင် လူမည်း ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများနှင့် ပါတ်သတ်၍ ရှာဖွေမှုများမြင့်တက်လာခဲ့ပြီး Google trend data များအရ အမေရိကားတွင် “သင်၏တည်နေရာအတွင်းရှိ လူမည်းများပိုင်ဆိုင်သည့် စီးပွားလုပ်ငန်းများကို ဘယ်လိုရှာဖွေရမလဲ” ဆိုသည့် စာသားရှာဖွေမှုသည် အဆ ၃၀၀ ခန့်မြင့်တက်ခဲ့ပြီး “ကျွနု်ပ်အနီးအနားရှိ လူမည်းပိုင်စားသောက်ဆိုင်များ” ရှာဖွေမှုသည် ၃ ဆမြင့်တက်ခဲ့သည်။

“ခုဖြစ်နေတဲ့ trend ဟာ ရုတ်တရက်ကြီး ဖြစ်လာပြီး ချက်ချင်းပြန်ပျောက်သွားတာမျိုးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်” ဟု EatOkra app ၏တွဲဖက်တည်ထောင်သူ လူမည်းအမျိုးသား Anthony Edwards က LinkedIn message မှတဆင့်ဆိုသည်။

Edwards သည် ဇနီးဖြစ်သူ Janique နှင့်အတူ လူမည်းကွန်မြူနတီကို ထောက်ပံ့ပေးဖို့ရည်ရွယ်ချက်ဖြင့် EatOkra ကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Apptopia မှ data များအရ မေလ ၂၈ မှစ၍ EatOkra app အား အသုံးပြုသူနှင့် download ရယူသူ ၄,၄၅၀% မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။ ပြီးခဲ့သည့် အပတ်တွင် app အသုံးပြုသူ ရုတ်တရက် မြင့်တက်လာသောကြောင့် app နှင့် website ၏ အလုပ်လုပ်နိုင်သောစွမ်းရည်မှာ တဖြေးဖြေး နှေးလာခဲ့သည်။ ထို့ကြောင့် database နှင့်ပါတ်သတ်၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ရကြောင်း Edwards တို့ဇနီးမောင်နှံကဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် EatOkra ကဲ့သို့ download ချသူရုတ်တရက်မြင့်တက်လာခဲ့သော အခြား app များစွာလည်းရှိခဲ့သည်။

Black Wallet အမည်ရှိ လူမည်းပိုင်စီးပွားရေးလမ်းညွှန် business directory platform သည် မေလ ၂၈ မှ ဂျွန်လ ၄ ရက်နေ့အတွင်း app downloads ရယူမှု ၁၁၅% မြင့်တက်ခဲ့သည်။ လူမည်း စွန့်ဦးတီထွင်သူများနှင့် လူမည်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်ထုတ်လုပ်ထားသော Business discovery app တခုဖြစ်သည့် Black Nation သည် မေလ ၂၈ ရက်နေ့က downloads ပြုလုပ်သူ ၁၁၃ ဦးရှိခဲ့ပြီး ဂျွန်လ ၄ ရက်နေ့တွင် ၅,၇၂၁ အထိ အဆ ၅၀% နီးပါးမြင့်တက်လာခဲ့သည်။

“ယခုအချိန်အခါသည် လူမည်းပိုင်စီးပွားရေးလုပ်ငန်းများကို စစ်မှန်သော တန်းတူညီမျှနှင့်နီးစပ်ဖို့ တွန်းအားပေးနေပါတယ်” ဟု Black Wallet တည်ထောင်သူ Jasmine Grant ကဆိုသည်။

Census Bureau အရ အမေရိကန်တနိုင်ငံထဲတွင်ပင် လူမည်းပိုင်ဆိုင်သော စီးပွားလုပ်ငန်းငယ်ပေါင်း ၂.၆ မီလျံရှိသည်။ ထို့အပြင် လူမည်းကွန်မြူနတီအတွင်းတွင် အသေးစားလုပ်ငန်းငယ်များ၏ ၉၄% သည် အချိန် ၂ပတ်နီးပါးကြာ အရန် ငွေသား ကိုင်ဆောင်လေ့ရှိကြောင်း JP Morgan Chase ၏ data များအရ သိရှိရသည်။

လူမည်းပိုင် လုပ်ငန်းစာရင်းပြုစုထားသော Google Docs ဖိုင်များမှာလည်း social media platform များပေါ်တွင်မျှဝေသူများပြားလာခဲ့သည်။

Georgia ပြည်နယ် Lithonia မှ အသက် ၂၈ နှစ်အရွယ် Lauren Jackson က Atlanta နှင့်အနီးအနားရှိ လူမည်းပိုင် စားသောက်ဆိုင်များကို အားပေးနိုင်ရန် ဆိုင်ပေါင်း ၁၀၀ ကျော်ကို Google Doc တွင်စာရင်းပြုလုပ်ကာ ဖြန့်ဝေပေးခဲ့သည်။ စားသောက်ဆိုင်ပြီးလျှင် လက်လီဆိုင်များ အပါအဝင် အခြားလုပ်ငန်းအမျိုးအစားများကိုလည်း ဆက်လက် စာရင်းပြုစုနေကြောင်း သူမကဆိုသည်။

“တဦးနှင့်တဦး ကူညီထောက်ပံ့ပေးရာမှတဆင့် ကျွန်မတို့ရဲ့လူ့အဖွဲ့အစည်းထဲကို ဒေါ်လာတွေစီးဝင်လာပြီး ပိုမိုအဆင့်မြင့်မားတဲ့ လူမည်း လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေဖို့အတွက်” စာရင်းပြစုခဲ့ခြင်းဖြစ်ကြောင်း Jackson ကဆိုသည်။ “အမြစ်တွယ်နေတဲ့ တရားမျှတမှုမရှိခြင်းနှင့် လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ဖို့ ကျွန်မတို့စတင် တိုက်ပွဲဝင်နေကြဖို့လိုပါတယ်” ဟုသူမက ဆိုသည်။

ကုမ္ပဏီကြီးများဖြစ်သည့် Yelp နှင့် UberEats တို့ကလည်း ၎င်းတို့၏ platforms မှတဆင့် လူမည်းပိုင် လုပ်ငန်းများ ရှာဖွေမှု မြင့်တက်ခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။

Yelp သည် စီးပွားရေးလုပ်ငန်းများအကြား လူမည်းပိုင်လုပ်ငန်းများဟူ၍ သီးခြားရှာဖွေမှုပြုလုပ်နိုင်မည့် Search tool တခုကို လာမည့်အပတ်တွင် မိတ်ဆက်ပေးသွားဖို့ရှိကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောကြားခဲ့သည်။ Yelp platform တွင် “black-owned business” အကြောင်းအရာရှာဖွေမှု ၂၅% မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီ၏ CEO ဖြစ်သူ Jeremy Stoppelman ကဆိုသည်။ UberEats ကလည်း အမေရိကန်နှင့် ကနေဒါရှိ လူမည်းပိုင်စားသောက်ဆိုင်များမှ အော်ဒါမှာယူမှုမြင့်တက်ခဲ့ကြောင်း ကြေငြာခဲ့သည်။

“အားပေးထောက်ခံမှုတွေမြင့်တက်လာတာဟာ ကောင်သောပြောင်းလဲဖို့အတွက်ဖြစ်ပြီး အခုအချိန်ရဲ့ ခွန်အားဟာ တမူထူးခြားနေတယ်” ဟု Grant ကဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business
Photo: India Gone Viral

%d bloggers like this: