0

Warren Buffet ၏ Berkshire Hathaway ငွေသား လက်ဝယ်ထားရှိမှု ကန်ဒေါ်လာ ၁၃၇ ဘီလျံသို့ရောက်ရှိ

Share

ကုမ္ပဏီတွေ၊ လုပ်ငန်းကြီးတွေရဲ့ ရှယ်ယာအများစုကို ဝယ်ယူပြီး အလုံးစုံထိန်းချုပ်ရေး ကြိုးပမ်းလေ့ရှိတဲ့ သို့မဟုတ် ငွေကြေးဆိုင်ရာအကျိုးအမြတ်အများဆုံးရရှိရေးကို ဦးတည်ပြီး ရှယ်ယာတွေ နှစ်နဲ့ချီဝယ်ယူမြှုပ်နှံလေ့ရှိတဲ့ ဘက်ရှိုင်းယား ဟတ်သာဝေး (Berkshire Hathaway) ကော်ပိုးရေးရှင်းကြီးရဲ့ ဥက္ကဌ ဖြစ်သူ သူဌေးကြီး ဝါရင်းဘတ်ဖက်ကို ကျွန်တော်တို့ အားလုံးသိကြမှာပါ။
သူ့ရဲ့ ရှယ်ယာဝယ်ယူတဲ့ အယူအဆတွေ အများကြီးထဲက “Be fearful when others are greedy. Be greedy when others are fearful.” ဆိုတဲ့ အခြားလူတွေ လောဘကြီးနေတဲ့ အချိန် ကြောက်ရမှာဖြစ်ပြီး၊ အခြားသူတွေ ကြောက်နေကြတဲ့ အချိန်မှာ လောဘတကြီးဖြစ်နေရမယ် ဆိုတာကို တော်တော်များများ သိကြမယ်ထင်ပါတယ်။
အခုတော့ ဝါရင်းဘတ်ဖတ်ဟာ ကော်ပိုးရေးရှင်းရဲ့ နှစ်ပတ်လည်အစည်းအဝေး ကိစ္စတွေကို Video Conferencing လုပ်ပြီးတဲ့နောက် လူအများရဲ့ အာရုံစိုက်ခြင်း ခံနေရပါတယ်။
ဝါရင်းဟာ စတော့ရှယ်ယာဈေးတွေ သူဝယ်ချင်လာတဲ့အထိ စွဲဆောင်စေဖို့ စောင့်ခဲ့တာ နှစ်နဲ့ချီကြာနေပါပြီ။ ပြီးခဲ့တဲ့ ပထမ ၃လပတ် ဈေးတွေထိုးကျမှုကိုလည်း ဝယ်ဖို့ အခွင့်အရေးကောင်းလို့ သူက ထင်ပုံမရသေးပါဘူး။
ဒီ့ထက် ဈေးတွေထက်ကျဖို့ကို စောင့်နေရင်းနဲ့ ဝါရင်းဟာ ဘက်ရှိုင်းယား ကော်ပိုးရေးရှင်းလက်ထဲမှာ ငွေသားတွေချည်းကိုင်ထားနိုင်ဖို့ကို အာရုံစိုက်နေခဲ့တာပါ။
ခုတော့ သူတို့ဟာ လက်ထဲမှာ ငွေသားချည်း ကန်ဒေါ်လာ ၁၃၇ ဘီလျံ အထိ မတ်လကုန်ကတည်းက ကိုင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။
Credit, Debit, Digital Currency တွေနဲ့ ငွေကြေးဈေးကွက်ဟာ တဟုန်ထိုးဖွံ့ဖြိုးလာနေတာဖြစ်ပေမယ့်လည်း ခုလို ကပ်ဘေးကြုံတဲ့အခါမှာ လုပ်ငန်းကြီးတွေဟာ လက်ငင်းငွေသား ကိုင်ထားဖို့ အာရုံစိုက်နေကြတာဖြစ်ပါတယ်။
Berkshire Hathaway ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ Stocks ကန်ဒေါ်လာ ၆ ဘီလျံဖိုး ရောင်းထုတ်နိုင်ခဲ့တဲ့အတွက် လက်ထဲကိုင်ထားတဲ့ငွေဟာ ပိုများလာပြီလို့လည်း ဆိုပါတယ်။

Berkshire Hathaway Inc ဟာ Holding ကုမ္ပဏီအမျိုးအစား ဖြစ်ပါတယ်။ Holding ကုမ္ပဏီတွေဟာ ကိုယ်ပိုင်နာမည်နဲ့ လုပ်ငန်းခွဲတွေအများကြီး ရှိသလို ဈေးကွက်ထဲမှာ လုပ်ငန်းနာမည်တန်ဖိုး၊ ငွေကြေးအကျိုးအမြတ်အရ ထပ်တက်လာမယ့် လုပ်ငန်းကြီးတွေရဲ့ ရှယ်ယာတွေကိုလည်း လိုက်ဝယ်ယူရင်းနှီးမြှုပ်နှံလေ့ရှိပါတယ်။

Berkshire Hathaway Inc မှာ Berkshire Hathaway Energy, GEICO အာမခံ ၊ BNSF ရထားလမ်းပိုင်း/သယ်ယူပို့ဆောင်ရေး ၊ McLane Co. အစားအသောက်လုပ်ငန်းတွဲကြီး၊ PCC လုပ်ငန်းသုံးပစ္စည်းထုတ်လုပ်ရေး၊ Lubrizol ဓါတုထုတ်ကုန်လုပ်ငန်းကြီးလို အလုံးစုံပိုင်ဆိုင်မှုရှိတဲ့ ကော်ပိုရေးရှင်းတွေအပြင် အခြား လုပ်ငန်းတွေက ရှယ်ယာတွေကိုလည်း အမြောက်အများဝယ်ယူထားပါတယ်။
အဲ့ဒီ့အခြား ကုမ္ပဏီတွေထဲကမှ ရှယ်ယာဝယ်ထားတဲ့ ကုမ္ပဏီကြီး ထိပ်သီး ၅ ခုဟာ Apple Inc (ရှယ်ယာ ကန်ဒေါ်လာ ၇၃.၇ ဘီလျံ = ၅.၇%) ၊ Bank Of America Corp (ရှယ်ယာ ကန်ဒေါ်လာ ၃၃.၄ ဘီလျံ = ၁၀.၇%) ၊ Coca-Cola ( ရှယ်ယာ ကန်ဒေါ်လာ ၂၂.၁ ဘီလျံ = ၉.၃%) ၊ American Express (ရှယ်ယာ ကန်ဒေါ်လာ ၁၈.၉ ဘီလျံ = ၁၈.၇%) နဲ့ Wells Fargo & Co. (ရှယ်ယာ ၁၈.၆ ဘီလျံ = ၈.၄%) တို့ဖြစ်ပါတယ်။
ဝါရင်းဟာ ပြီးခဲ့တဲ့ ၃ လပတ်အတွင်း ဈေးတွေထိုးကျနေတဲ့ လောင်စာဆီ၊ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ စတဲ့ အခြေအနေမကောင်းတဲ့ ဈေးကွက်တွေကို စောင့်ကြည့်နေပြီး Lountzis Asset Management ရဲ့ ဥက္ကဌဖြစ်တဲ့ Paul Lountzis ကတော့ သူ့ (Warren Buffet) ကြည့်ရတာတော့ စွန့်စားမှုပိုများတဲ့ အခြေအနေတွေကို အတော်လေး တွက်ချက်နေပုံရပါတယ်၊ ဒါကြောင့်မို့ ခုလိုဖြစ်နေတာ (လက်ငင်းငွေသားကိုင်ထားမှု စံချိန်တင်ဖြစ်လာမှုကို ဆိုလို) လို့ ပြောပါတယ်။
Industry Analyst (Bloomberg) တွေဖြစ်တဲ့ မက်သရူး ပလာဇိုလာ (Matthew Palazola) နဲ့ တွဲဖက်ဖြစ်သူ ဒဲရစ်ဟန်း (Derek Han) တို့ကတောာ့ ဘက်ရှိုင်းယားအနေနဲ့ လောလောဆယ်အထိ ငွေကြေးသေချာပေါက် ပြန်ဝင်နေဆဲဖြစ်ပြီး အခြား နှစ်တွေနဲ့ ယှဉ်ရင်တော့ ပထမ ၃ လပတ်က ဝင်ငွေနည်းနည်းကျတယ်လို့ ဆိုနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်၍ စီးပွားရေး သတင်းအချက်အလက်များ မျှဝေပေးကြပါရန်။
Orio Economics

Source: Bloomberg, Berkshire Hathaway Inc, Investopedia, Image: Andrew Harrer-Bloomberg

%d bloggers like this: