0

ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူများအတွက် တကြိမ်ပဲဖြစ်ဖြစ် စဉ်းစားကြည့်သင့်တဲ့ လုပ်ငန်းများ အပိုင်း (၂)

Share

photo: pexels

ဒုတိယပိုင်းမှာ အချက်အလက်တွေက ရရှိလာတဲ့ ကျန်တဲ့ လုပ်ငန်း ၆ ခု ကို ဖေါ်ပြသွားမှာပါ။ အချို့လုပ်ငန်းများဟာ နာမည်ဆင်နေတတ်တာမို့ သူတို့ရဲ့ တာဝန်ယူမှုပိုင်း အနည်းငယ် ဘယ်လို ကွဲပြားသွားတယ်ဆိုတာကို ဆက်လက်ရှင်းလင်းထားပါတယ်။ အမေရိကန် ပြည်ထောင်စု၊ အလုပ်သမားရေးရာဌာန အချက်အလက်များ ပါဝင်ပါတယ်။

(၇) Lodging Managers: ဒါကတော့ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုရိပ်သာတွေကို စီမံခန့်ခွဲသူတွေပါ။ အခန်းရရှိမှုအဆင်ပြေရေး၊ လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်ရတဲ့ သူတို့ထဲမှာမှ ၄၈၄၀၀ ယောက်ရဲ့ သုံးပုံ တစ်ပုံနီးပါးဟာ ကိုယ်ပိုင်လုပ်ငန်းရှင်တွေပါ။ (ဒီနေရာမှာ ပိုပြီးရှင်းလင်းအောင် ပြောပြပေးပါမယ်။ မြို့ကြီးတွေမှာ နေတဲ့သူတွေကတော့ သိပြီးသားဖြစ်မှာပါ။ သူတို့နိုင်ငံတွေမှာ ခရီးသွားလာရင် အလွယ်တကူတည်းလို့ ရနိုင်အောင် အခန်းရှာတဲ့ မိုဘိုင်းဖုန်း App တွေ ရှိပါတယ်။ ဥပမာ AirBnB လိုမျိုးပေါ့။ အဲ့ဒီ့ ဆော့ဖ်ဝဲလ်က အိမ်ပိုင်ရှင်တွေမှာ အခန်းလွတ်၊ အိမ်လွတ်တွေရှိရင် မှတ်ပုံတင်ထားလို့ရပြီး အွန်လိုင်းငွေချေစနစ်နဲ့ အခန်းငှားလို့ရပါတယ်။ အဲ့တော့ အခန်းပိုင်ရှင်တွေဟာ ကိုယ့်အိမ်ကိုယ် စီမံခန့်ခွဲတဲ့ Lodging Managers တဖြစ်သို့လဲ ပြောင်းလဲ လုပ်ကိုင်လာနိုင်ကြပါတယ်။) သူတို့ရဲ့ တစ်နှစ်စာ ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၄၇၆၈၀ ဖြစ်ပါတယ်။

(၈) Tile and Marble Setters: ဒါက ကြွေပြားတွေ စီတာ၊ စကျင်ကျောက်ပြားတွေ နံရံအလှဆင်၊ ကြမ်းခင်း ပြုလုပ်သူတွေပါ။ ဒီမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ တွဲဖက် တွေ့မြင်ရတာ များပါတယ်။ ကြွေပြားစီတဲ့သူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ လုပ်ငန်းရှင်တွေပါ။ သူတို့ရဲ့ ပျမ်းမျှဝင်ငွေက ဒေါ်လာ ၃၈၉၈၀ ဖြစ်ပါတယ်။

(၉) Artists and related workers: သင်က အနုပညာကို စိတ်ဝင်စားမယ်ဆိုရင်လည်း ဒါဟာ ကောင်းပါတယ်။ ဒီလုပ်ငန်းတလျှောက်လုံးက ကျယ်ပြန့်ပါတယ်။ သင်က ပန်းချီဆွဲမှာလား၊ ကွန်ပျူတာနဲ့ ဇာတ်ကောင်တွေ ဆွဲတဲ့သူလား၊ အနုပညာပြပွဲတွေမှာ အတွေးအခေါ်စွမ်းရည်ပြတဲ့ Installation Art လုပ်ချင်သူလား၊ ဒါမှမဟုတ် ရိုးရာ အရုပ်တွေကို စက္ကူ၊ မြေစေး စတာတွေနဲ့ ဖန်တီးသူလား အစားစားပါပဲ။ သင့်ကို အနုပညာပြပွဲလုပ်တဲ့ ကမ်ပဏီတွေက လိုအပ်နေပါတယ်။ အနုပညာနဲ့ ဆက်စပ်လုပ်ငန်းတွေလည်း ရှိတာကြောင့် (ဥပမာ ပန်းချီပြခန်းအလုပ်သမား၊ ဆေးစပ်၊ ဆေးကိုင်၊ ပန်းချီဆရာ လက်ထောက်၊ အလုပ်သင်) သူတို့ထဲက ၅၅ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်ရပ်တည်နိုင်နေကြပါတယ်။ သူတို့ရဲ့ တစ်နှစ်ပျမ်းမျှ ဝင်ငွေက ဒေါ်လာ ၆၅၈၆၀ ဖြစ်ပါတယ်။ (အနုပညာဟာလည်း ဉာဏပစ္စည်းမို့ သင့်ရဲ့ လက်စလက်နတွေကို အရောင်းတင်နိုင်ဖို့က ဈေးကွက်ရှာဖွေရေးသမားတွေနဲ့ ဆက်စပ်လုပ်ကိုင်ရမှာကိုတော့ မမေ့ပါနဲ့ဦး)

(၁၀) Construction Laborers: ဆောက်လုပ်ရေးလုပ်သားများ။ ဆောက်လုပ်ရေးလုပ်သား စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံဟာ လုပ်ငန်းရှင်တွေပါ။ အဆင့်ဆင့်ချုပ်ဆိုထားတဲ့ စာချုပ်တွေနဲ့ အလုပ်သမားတွေကို ကြီးကြပ်ရပြီး လုပ်ငန်းခွင်ဝင်ဖို့ ကန်ထရိုက်စာချုပ်တွေ ချုပ်ရတာ၊ ပရောဂျက်တွေရှာရတာ၊ လုပ်ခလစာနဲ့ အခြား အထွေထွေစရိတ်တွေ ညှိုနှိုင်းတာကတော့ မလွဲမသွေ ဝါသနာပါရမှာပါ။ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ ဆောက်လုပ်ရေးလုပ်သားအရေအတွက်ထက် နောင် ၁၀နှစ်မှာ နေရာသစ်ပေါင်း ၃သိန်း၇သောင်းကျော် ပိုမိုထွက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

(၁၁) Real-estate Brokers: အိမ်ခြံမြေပွဲစားကြီးများ။ ဒီနေရာမှာ သူတို့ကို အိမ်ခြံမြေ မြင်တာနဲ့ပဲ ပွဲစားသပ်သပ်လို့ပြောလို့မရပါဘူး။ Brokers ဆိုတာက အိမ်ခြံမြေအကျိုးဆောင်၊ ပွဲစားလုပ်ငန်းကို ပိုင်ဆိုင်သူလည်းဖြစ်၊ ကိုယ်တိုင်လည်း ဝင်ရောက်ညှိုနှိုင်းသူတွေကို ခေါ်တာပါ။ လုပ်ငန်းပိုင်လည်းဖြစ်ရမယ်။ အခြား အခွန်ကိစ္စ၊ ဘဏ်ကိစ္စတွေကိုပါ တာဝန်ယူထားရတာများတဲ့ ပွဲစားတွေမိုလို့ မြန်မာအခေါ်နဲ့ဆို ပွဲစားကြီးတွေလို့ ဆိုချင်တာပါ။ (ပွဲစားကြီးတွေဆိုတာက ဟိုးအရင်ခေတ်က ဆန်စက်ပွဲစားကြီး၊ ဆန်စက်လည်းပိုင်တယ်၊ လုပ်ငန်းကိုလည်း ဦးစီးတယ်၊ ဝယ်ရောင်းဈေးလည်း ဝင်ဖြတ်တယ်၊ နာမည်အတက်အကျ အကုန်လုံးကိုလည်း တာဝန်ယူရတယ်။ ဒီလိုဆိုလိုခြင်းဖြစ်ပါတယ်။)

(၁၂) Real estate agents: အိမ်ခြံမြေ အကျိုးဆောင်များ၊ ပွဲစားများ။ သူတို့ကတော့ ဝယ်ရောင်းကိစ္စ ဈေးညှိနှိုင်းတာ၊ အဆက်အသွယ် ၂ ဖက် ချိတ်ပေးတာကိုပဲ အဓိကလုပ်ကိုင်သူတွေလို့ ပြောချင်တာပါ။ ဒီနေရာမှာ တစ်ခုတော့ နားလည်မှုမလွယ်စေချင်ပါဘူး။ ဘယ်အလုပ်ကို လုပ်သည်ဖြစ်စေ၊ နာမည်၊ အခေါ်အဝေါ်ကွာတာနဲ့ပဲ လုပ်ငန်းကျင့်ဝတ်ကို အဆင်ပြေသလို လုပ်ရတယ်ဆိုတာတော့ မရှိဘူးဆိုတာပါ။ (ကျွန်တော်တို့ Orio Economics ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း လုပ်ငန်းတွေကြား နားလည်မှုလွဲတာတစ်ခုတည်းနဲ့ အလုပ်ကိစ္စတွေ ပျက်သွားတယ်ဆိုတာမျိုးမဖြစ်ရအောင် Business Focus, Economics Focus ထား မျှဝေနေရခြင်းဖြစ်ပါတယ်ခင်ဗျ။)

အခြားနိုင်ငံတွေမှာ အိမ်ရှင်ဖက်သပ်သပ်၊ အိမ်ငှားဖက်သပ်သပ်၊ အဝယ်သပ်သပ်၊ အရောင်းသပ်သပ် သို့မဟုတ် Dual Agents လိုင်စင် စသဖြင့် ခွဲထားပါတယ်။ ဒီလုပ်ငန်းတွေကို ကျွန်တော်ကိုယ်တိုင်လည်း ၄ နှစ်ခန့် လုပ်ကိုင်ဖူးတာမို့ စေတနာပိုမိုထား မျှဝေရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း အိမ်ခြံမြေ ဥပဒေ ထွက်ပေါ်လာရင် အချို့အထင်လွဲနေတဲ့ အိမ်ငှားတွေ အဲ့သည့်အချိန်ကျမှ အကျိုးရှိမယ်ဆိုတာမဟုတ်ပါဘူး။ အိမ်ခြံမြေဥပဒေ တိတိကျကျ ထွက်လာရင် အိမ်ရှင်၊ အိမ်ငှား၊ အကျိုးဆောင် အားလုံး အဖက်ဖက်က အကျိုးရှိမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ကြသူအချင်းချင်း နားလည်မှုလွဲခြင်း ပိုမိုကင်းရှင်းပါစေကြောင်း ရေးသားလိုက်ရပါတယ်ခင်ဗျ။

source: businessnewsdaily, pexels, pixabay, caretoolkit
ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ ကျွန်တော်တို့၏ ဉာဏပစ္စည်းများအား Like & Share လုပ်ပေးခြင်းဖြင့် ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Orio Economics

%d bloggers like this: