photo: pexels
နိုင်ငံစီးပွားတိုးတက်လာဖို့ဆိုရင် ကော်ပိုရေးရှင်းကြီးတွေက အစ တပိုင်တနိုင် လုပ်ငန်းတွေအထိ မတူညီတဲ့ စီးပွားရေးတွေ တိုးပွားလာမှုက အခြေခံကျ အရေးကြီးပါတယ်။ အခြားသူတွေရဲ့ လုပ်ငန်းအောင်မြင်လာတာကို တွေ့လို့ လိုက်လုပ်တာကို Me-Too Business လို့ခေါ်ပြီး၊ အခြားသူတွေထုတ်လုပ်လို့ အောင်မြင်လာတဲ့ပစ္စည်း လိုက်ထုတ်တာကို Me-Too Product တွေလို့ ခေါ်ပါတယ်။ ဒါဟာ တကယ်တော့ ဆန်းသစ်တီထွင်မှုလည်း မရှိပါဘူး။ နိုင်ငံနဲ့ အဝှမ်းမှာပဲ ဖြစ်ဖြစ်၊ ကိုယ်နေထိုင်ရာ မြို့နယ်၊ မြို့လေးမှာပဲဖြစ်ဖြစ် အချို့လုပ်ငန်းများဟာ လုပ်ငန်းအရေအတွက်နဲ့ မြို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီးသားဖြစ်ပါတယ်။ ဒီတစ်ခုမှာတော့ အမေရိကန်ပြည်ထောင်စု လေ့လာဆန်းစစ်ချက် ရလဒ်တစ်ခုကို အခြေခံထားတဲ့ လုပ်ငန်း အချို့ကို ဖေါ်ပြချင်ပါတယ်။ ကျွန်တော်တို့ Orio Economics ဝက်ဘ်ဆိုဒ်နဲ့ Facebook Page ကို အခြား မိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေလည်း လေ့လာလို့ရအောင်၊ ဝက်ဘ်ဆိုဒ်မှာပဲဖြစ်ဖြစ်၊ ဖေ့ဘုတ်မှာပဲဖြစ်ဖြစ် ဝင်ဆွေးနွေးလို့ရအောင် စာဖတ်သူ၊ လုပ်ငန်းသစ်တွေလေ့လာသူ အနေနဲ့ ဖိတ်ခေါ်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျ။
အလုပ်ဟူက ဂုဏ်ရှိစွ ဆိုတဲ့စကားလည်းရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လုပ်ငန်းရှင်အဖြစ် လုပ်ငန်းသေး၊ လုပ်ငန်းကြီးတွေ ကြားထဲမှာ ဒီအောက်က လုပ်ငန်း ၁၂ ခုကို အချက်အလက်နဲ့ကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဖွံ့ဖြိုးဆဲကျွန်တော်တို့ နိုင်ငံအနေနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးဆီက အခြေအနေတွေကို ကြည့်ကြရအောင်။
(၁) Property & Real Estate Managers
အိမ်ခြံမြေ လုပ်ငန်းရဲ့ မန်နေဂျာ – အိမ်ခြံမြေလုပ်ငန်းတွေ အားလုံးရဲ့ 40% က ကိုယ်ပိုင်လုပ်ငန်းရှင်တွေဖြစ်ပါတယ်။ သူတို့ဟာ အိမ်ခြံမြေလုပ်ငန်းမှာ ပညာရေးလိုအပ်ချက်တွေကိုလည်း သိပ်တွက်လေ့မရှိပါဘူး။ လုပ်ငန်းကျွမ်းကျင်မှုက အဓိကဆိုပါတော့။ အမေရိကန် ပြည်ထောင်စု အလုပ်သမားရေးရာဌာနရဲ့ စာရင်း ထုတ်ပြန်ချက်အရ အထက်တန်း ဒီပလိုမာ အောင်မြင်ပြီးသူအများစု ပါဝင်တယ်လို့ဆိုပြီး ဝင်ငွေအနေနဲ့ကတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅၄၂၇၀ ခန့် ပျမ်းမျှ အနေအထားဖြစ်တယ်လို့ သိရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တာမိုလို့ သူတို့ရရှိတဲ့ ငွေဟာ မြန်မာကျပ် သိန်း ၇၅၀ ဝန်းကျင် ဖြစ်ပါတယ်။
(၂) Farmers & Ranchers
လယ်ယာလုပ်ကိုင်သူနဲ့ မွေးမြူရေးခြံရှင်များ – အမေရိကလယ်သမားများဟာလည်း ကိုယ်ပိုင်လုပ်ငန်းရှင်တွေပါပဲ။ မွေးမြူရေးခြံရှင်တွေလုပ်မယ်လို့ သင်စဉ်းစားမယ်ဆိုရင် တကယ် ကောင်းပါတယ်။ ကိုယ့်ရပ်ကွက်လေးရဲ့ လိုအပ်ချက်ကိုဖြည့်ဖို့ အရင်စဉ်းစားပြီး ဒါကို အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းအဖြစ်ကူးပြောင်းရမှာပါ။ ခြံရှင်တွေက မိမိရဲ့ ခြံတွေမှာ အခြားသူတွေရဲ့ ကြက်၊ ဘဲ၊ ဝက် စတာတွေကို စောင့်ကြည့်မွေးမြူခ ရယူတာ၊ ဒါမှမဟုတ် ခြံကို သပ်သပ် ငှားစားတာတွေလည်း လုပ်လို့ရပါတယ်။ ရာခိုင်နှုန်းအနေနဲ့ကတော့ ၇၀ % ဟာ ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ အမေရိကန်အစိုးရက ဒီနေရာမှာ လယ်သမားတွေ ထွက်ကုန် နည်းတာပဲဖြစ်ဖြစ်၊ သူတို့ ထွက်ကုန်တွေကို မတန်တဆဈေးနဲ့ မရောင်းအောင်ပဲဖြစ်ဖြစ် (လယ်ယာထွက်ကုန်တွေဟာ Public Good ဖြစ်တာမို့) စရိတ်သပ်သပ် ပေးတာရှိပါတယ်။ ဝင်ငွေအနေနဲ့ ပျမ်းမျှ လယ်ယာ၊ ခြံရှင် တစ်ယောက်ဟာ ဒေါ်လာ ၆၈၀၅၀ တစ်နှစ်စာ ရှိပါတယ်။
(၃) Brickmasons and block masons
အုတ်စီသမားများ နှင့် အုတ်နံရံ၊ အုတ်ချပ်၊ ပလပ်ဖေါင်းတုံး ပြုလုပ်သူများ – ဒီနေရာမှာ သူတို့အခေါ် stonemasons ကျောက်ခဲ၊ ကျောက်တုံးတွေနဲ့ အလှဆင်အလုပ်သမားတွေတော့ မပါပါဘူး။ အုတ်စီ၊ အုတ်ချပ်ဘလောက်တုံးလုပ်သူတွေရဲ့ ၂၅ % ရာခိုင်နှုန်းဟာ ကိုယ်ပိုင်လုပ်ငန်းရှင်တွေပါ။ သူတို့ကိုယ်တိုင် အလုပ်လုပ်သလို၊ အခြား အလုပ်သမားတွေကိုလည်း စီမံခန့်ခွဲသူတွေပေါ့။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကြောင့် ကိုယ်ပိုင်လုပ်ငန်းရှင်တွေအဖြစ်ပိုမို ပေါ်ပေါက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့် ဆယ်နှစ်အတွင်း ကိုယ်ပိုင်လုပ်ငန်းရှင် 18% ထိ တိုးတက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။
(၄) Food Service Managers
အစားအသောက်ဝန်ဆောင်မှု မန်နေဂျာ – ဒါကတော့ ဟင်းတွေချက်တာပဲဖြစ်ဖြစ်၊ အခြားအစားအသောက်တွေကိုပဲဖြစ်ဖြစ် ဖုန်းနဲ့ အော်ဒါလက်ခံပြီး စီစဉ်ပေးတဲ့သူပါ။ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံးကတော့ ရန်ကုန်လိုမြို့ကြီးတွေမှာဆိုရင် ထမင်းဘူး အော်ဒါလက်ခံတဲ့မန်နေဂျာတွေ၊ နယ်တွေမှာဆိုရင် ပွဲလမ်းတွေအတွက် အချက်အပြုတ် အော်ဒါနဲ့ ဆောင်ရွက်ပေးသူတွေပါ။ သူတို့အားလုံးဟာ အစားအသောက်တွေစီမံခန့်ခွဲကြပြီး ရာခိုင်နှုန်းအားဖြင့် ၃၅% ရာနှုန်းခန့်ဟာ ပိုင်ရှင်တွေပါ။
ဒီနေရာမှာ သူတို့လို အလုပ်အကိုင်တွေဟာ နိုင်ငံအတွက် အရေးပါမှုကို ပေါ်လွင်စေပါတယ်။ ဒီလုပ်ငန်းကနေ အလုပ်အကိုင်ပေါင်း ၇ သောင်း ၇ထောင်ခန့်ကို ၂၀၂၄ မှာ ပိုမိုဖန်တီးပေးမှာဖြစ်ကြောင်း ပြောပါတယ်။ ဝင်ငွေအနေနဲ့ကတော့ ပျမ်းမျှ ဒေါ်လာ ၄၈၅၆၀ တစ်နှစ်စာ ရှိနေပါတယ်။
(၅) Painters (Construction & Maintenance)
ဆေးသုတ်သူများ – အိမ်တွေ၊ အဆောက်အဦတွေ ဆေးသုတ်ဖို့ဆိုတာ ပုံမှန်ဆိုရင် တစ်ကြိမ်နဲ့ တစ်ကြိမ် သိပ်ခြားလေ့လည်း မရှိကြပါဘူး။ အထူးသဖြင့် အရည်အသွေးကောင်းကောင်းနဲ့ အဖိုးအခ သင့်တင့်မယ်ဆိုရင် အိမ်ပိုင်ရှင်တွေဟာ နှစ်သစ်မှာ အရောင်အသွေး အသစ်နဲ့ မိမိအိမ်ကို မြင်ချင်ကြပါတယ်။ သူတို့တွေကတော့ ရာနှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းကျော်ကျော်က ပိုင်ရှင်တွေပါပဲ။ ဝင်ငွေအားဖြင့် တစ်နှစ်ကို ပျမ်းမျှ ၃၅၅၉၀ ဒေါ်လာခန့် ရရှိကြပါတယ်။
(၆) Carpenters
လက်သမားလုပ်ငန်းများ – အမေရိကန်ပြည်ထောင်စု လုပ်သားရေးရာဌာနက ခန့်မှန်းထားတာကတော့ လာမယ့် ဆယ်စုနှစ်မှာ လက်သမား ပရောဂျက်တွေ (အလုပ်အကိုင် များစွာပါဝင်တဲ့ ပရောဂျက်) အရေအတွက်ချည်းပဲ ၁၆၉၁၀၀ ခန့် ရှိနိုင်ပါတယ်လို့ ပြောထားပါတယ်။ အိမ်ဆောက်တဲ့ပရောဂျက်တစ်ခုမှာ လက်သမားအလုပ်သမား၊ အလုပ်ရှင် ၅ ယောက်မှ ၁၀ အထိ လိုအပ်မယ်ထင်လျှင်၊ ကွန်ဒိုအိမ်ယာ ဆောက်လုပ်ရေးပရောဂျက် တစ်ခုမှာ လက်သမား အယောက် ၁၀၀ လိုအပ်တယ်ဆိုပါတော့။ အဲ့ဒီအရေအတွက်နဲ့ ရှေ့က ပရောဂျက် အရေအတွက်ပေါင်း ၁သိန်း၆သောင်းကျော်နဲ့ မြှောက်ကြည့်လျှင် ရလာမယ့် အလုပ်ကိုင်အခွင့်အလမ်းကို ခန့်မှန်းနိုင်ပါတယ်။
သူတို့တွေထဲက ၃၃ ရာခိုင်နှုန်းဟာ လုပ်ငန်းရှင် (လက်သမားခေါင်းဆောင်၊ ပိုင်ရှင်) ကြီးတွေ ဖြစ်ကြပါတယ်။
အပိုင်း (၂) ကိုလည်း ဆက်လက်ဖက်ရှုကြပါဦးခင်ဗျာ့။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ ကျွန်တော်တို့၏ ဉာဏပစ္စည်းများကို Like & Share သာ လုပ်ပေးဖို့ တောင်းဆိုပါရစေ။
Orio Economics
source: businessnewsdaily, photo: pexels