0

Bank of England ကသမိုင်းတွင်ကျွန်ပြုခဲ့ဖူး၍ တောင်းပန်သည့်နောက်ထပ်ဗြိတိသျှအဖွဲ့အစည်းဖြစ်လာ

Share

Bank of England သည် အင်္ဂလိပ်သမိုင်း၏ ကျွန်စနစ်တွင်ပါဝင်ခဲ့ဖူး၍ ဝန်ချတောင်းပန်ခဲ့သည့် နောက်ထပ် ဗြိတိသျှအဖွဲ့အစည်းကြီး တခုဖြစ်လာခဲ့သည်။

မြောက်များစွာသော အင်္ဂလိပ်ကုမ္ပဏီများသည် ကျွန်ကုန်သွယ်မှု ပြုလုပ်ခဲ့ကြကြောင်း ပြီးခဲ့သည့် အပတ်တွင်ဝန်ခံခဲ့ကြပြီးနောက် လူမည်းလူ့အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့ပေးမှုများပြုလုပ်ခဲ့သည်။ University College London ရှိ အချက်အလက်များက အဆိုပါကုမ္ပဏီကြီးများက ကျွန်ပိုင်ရှင်များအဖြစ် ထွက်ပေါ်လာခဲ့ပြီး နိုင်ငံချမ်းသာကြွယ်ဝစေရန် ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့ကြသူများလည်းဖြစ်သည်။

၁၆၄၀ နှင့် ၁၈၀၇ ခုနှစ်ကြားတွင် ဗြိတိသျှတို့သည် အာဖရိကန်လူမျိုး ၃.၁ သန်းကိုကျွန်ပြုခဲ့ပြီး ကမ္ဘာတဝှမ်းရှိ ကိုလိုနီနိုင်ငံများသို့ ကျွန်ကုန်ကူးခဲ့ကြသည်။ ကျွန်လုပ်သားအများစုကို ကာရေဘီယံဒေသရှိ ကြံစိုက်ခင်းများသို့ စေလွှတ်ကာ အလုပ်လုပ်စေခဲ့ပြီး ကျွန်ပိုင်ရှင်များက သကြား၊ ကြံသကာနှင့် ရမ်အရက်တင်ပို့ခြင်းဖြင့် အကြီးအကျယ် ချမ်းသာကြွယ်ဝစေခဲ့သည်။

၁၈၃၃ တွင် ကိုလိုနီကျွန်စနစ်ပြီးဆုံးသွားသည့်အခါ ဗြိတိသျှအစိုးရက ကျွန်ပိုင်ရှင်များအား လျော်ကြေးအဖြစ် ပေါင်စတာလင် သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၅ သန်း) အလျော်ပေးခဲ့သော်လည်း ကျွန်ပြုခံခဲ့ရသည့် သူများကတော့တပြားတချပ်မျှ မရရှိခဲ့ပေ။ ယနေ့ငွေကြေးနှင့်တွက်ကြည့်လျှင် အဆိုပါလျော်ကြေးငွေသည် စတာလင်ပေါင် ၁၆.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၀.၆ ဘီလျံ) နှင့်ညီမျှနေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များက UK တဝှမ်းတွင် Black Lives Matter ဆန္ဒပြသူများ ထွက်ပေါ်လာခဲ့ပြီး ၁၇ ရာစုက ကျွန်ပြုကာချမ်းသာခဲ့သည့် Bristol မြို့ရှိ ကျွန်ကုန်သည်ကြီး Edward Colston ရုပ်ထုအပါအဝင် အခြားရုပ်ထုများ၊ အမည် အမှတ်အသားများအား ဖယ်ရှားဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ကျွန်လုပ်သားပေါင်းများစွာကို ဗြိတိန်နိုင်ငံရဲ့မြို့ကြီးတွေအနှံ့ ပေးပို့ခဲ့တဲ့ ကျွန်ကုန်သည်နဲ့ ကျွန်ပိုင်ရှင်များသည် အလွန်အရေးကြီးသောအခန်းကဏ္ကကပါဝင်လာခဲ့သည်။ University of College London တက္ကသိုလ်ကြီးရှိ သမိုင်းအချက်အလက်များအရ Bank of England ၏ အရာရှိဟောင်းနှင့် ဒါရိုက်တာများက ကျွန်များပိုင်ဆိုင်ခဲ့ဖူးကြောင်း တွေ့ရှိခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းစဉ် ၎င်းတို့ပိုင်ဆိုင်ခဲ့သည့် ကျွန်များကို ပြန်လွှတ်ပေးခဲ့သည့်အတွက် UK အစိုးရဆီမှ မြောက်များစွာသော ပေါင်စတာလင် လျော်ကြေးငွေများလည်း ရရှိခဲ့ကြသူများဖြစ်သည်။

Bank of England မှပြောရေးဆိုခွင့်ရှိသူတဦးက ၁၈ရာစုနှင့် ၁၉ရာစု တွေမှာဖြစ်ပေါ်ခဲ့တဲ့ ကျွန်စနစ်ဟာ လက်သင့်မခံနိုင်ဖွယ် ရှက်စရာအင်္ဂလန်သမိုင်းဖြစ်ပြီး အင်္ဂလန်ဘဏ်၏ အုပ်ချုပ်မှူးဟောင်းများနှင့် ဒါရိုက်တာများကိုယ်စား တောင်းပန်ကြောင်း ပြီးခဲ့သည့် သောကြာနေ့က တရားဝင်စာထုတ်ပြန်ခဲ့သည်။ ကျွန်ကုန်သွယ်မှုတွင် ပါဝင်ခဲ့ဖူးသော ဗဟိုဘဏ်တွင် ချိတ်ဆွဲမှတ်တမ်းတင်ထားသည့် ဘဏ်အရာရှိဟောင်းများနှင့် ဒါရိုက်တာများ၏ နေရာအနှံ့ရှိ မှတ်တမ်းဓါတ်ပုံများအား ဖြုတ်ချသွားမည့်အကြောင်းလဲ ပြောကြားခဲ့သည်။

ခရစ်ယာန်ချက်ချ်ကျောင်းများနှင့် ကက်သီဒရယ်ဘုရားကျောင်းများကလည်း Black Lives Matters ဆန္ဒပြသူများနှင့် တသားတည်းရှိကြောင်း၊ ယခုဆန္ဒပြနေသည့်အခိုက်အတန့်တွင် ပါဝင်နိုင်မည့် လှုပ်ရှားမှုများပြုလုပ်ရန်ရှိကြောင်း Church of England ၏ဒါရိုက်တာဖြစ်သူ Berky Clark ကပြောကြားခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် ကျွန်စနစ်နှင့် ပါဝင်ပါတ်သတ်နေသည့် ရုပ်ထုနှင့်အမှတ်အသားများအား လုံခြုံမှုရှိရှိ တရားဝင် ဖြုတ်ချသွားရန်ရှိကြောင်း သူမက ပြောကြားခဲ့သည်။

“ကျွန်စနစ်နှင့် ညှင်းပန်းနိုပ်စက်မှုများသည် လူ့အဖွဲ့အစည်းအတွင်း နေရာမရှိ” ဟု Church of England ၏ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။ “ကျွန်စနစ်ဖျက်သိမ်းရာတွင် တက်ကြွစွာပါဝင်ခဲ့သည့် Church of England မှအဖွဲ့ဝင်များနှင့် ဘုန်းတော်ကြီးများအား အသိအမှတ်ပြုနေစဉ် တဖက်မှာလည်း ဘုရားကျောင်းကိုအမှီပြုပြီး ကျွန်တွေကိုခေါင်းပုံဖြတ်အမြတ်ထုတ်တာဟာ အင်မတန်ရှက်စရာဖြစ်ကြောင်း” ၎င်းကဆိုသည်။

Church of England သည် သမိုင်းတလျှောက် ကျွန်စနစ်တစိတ်တပိုင်းတွင် ပါဝင်ပါတ်သတ်ခဲ့ဖူးသည့်အတွက် ၂၀၀၆ ခုနှစ်က တရားဝင်တောင်းပန်စာထုတ်ပြန်ခဲ့ဖူးသည်။ ယခုအခါ မော်ဒန်ကျွန်စနစ် ပပျောက်ရေး အဖြစ် “Clewer Initiative” လှုပ်ရှားမှုအား ပြုလုပ်လျက်ရှိသည်။

ကမ္ဘာတဝှမ်းရှိ ကုမ္ပဏီကြီးများသည် လူမျိုးရေးဆိုင်ရာ မတရားမှုများအား မည်ကဲ့သို့ထုတ်ဖော်မည်နှင့် ပါတ်သတ်၍ အကြပ်ရိုက်လျက်ရှိကြသည်။ ဗြိတိသျှကုမ္ပကြီးများဖြစ်သည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အာမခံလုပ်ငန်းကြီး Lloyd’s of London နှင့် pub chain တခုဖြစ်သည့် Greene King တို့က ကျွန်စနစ်တွင်ပါဝင်ပါတ်သတ်ခဲ့ဖူးကြောင်း ပြီးခဲ့သည့်အပတ်က ဝန်ခံတောင်းပန်ခဲ့ကြသည်။

ယခုနှစ်တွင် Nike, Twitter နှင့် Target တို့အပါအဝင် အမေရိကန်ကုမ္ပဏီကြီးများသည် Junteenth အထိမ်းအမှတ်အဖြစ် ဂျွန်လ ၁၉ ရက်နေ့အား paid holiday အဖြစ် လစာမဖြတ်ပဲ အလုပ်တစ်ရက်ပိတ်ပေးခဲ့ကြသည်။ Junteenth သည် ၁၈၆၅ ခုနှစ် Texas ပြည်နယ်တွင် ကျွန်စနစ်ဖျက်သိမ်း၍ ကျွန်ဘဝမှကင်းလွတ်ခဲ့သည့် သမိုင်းဝင်နေ့ရက်တစ်ရက်ဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC News

%d bloggers like this: