0

ကပ်ရောဂါက ခြိမ်းခြောက်နေသော ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းများ။

Share

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုးနားဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အထည်ချုပ်စက်ရုံများအားလုံး အကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အလုပ်သမားပေါင်း ၄.၁ သန်းအား အလုပ်လက်မဲ့ဖြစ်ပေါ်နေကြောင်း ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းများအသင်း (Bangladesh Garment Manufacturers and Exporters Association) က ပြောကြားခဲ့သည်။ အထည်ချုပ်အလုပ်သမား အများစုသည် အမျိုးသမီးများဖြစ်ပြီး လုပ်ခလစာ ၁လလျှင် ဒေါ်လာ ၁၁၀ ခန့်သာရရှိကြသည်။

ဗိုင်းရပ်စ်ရောဂါကြောင့် တကမ္ဘာလုံးရှိ အရောင်းဆိုင်များ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းပြီး အလုပ်လက်မဲ့ဦးရေ မြင့်တက်လာခြင်းက နိုင်ငံတကာအဝတ်အထည် ဖက်ရှင်ဆိုင်ကြီးများအပေါ်လည်း ရိုက်ခတ်မှုများစွာရှိခဲ့သည်။ ထိုမှတဆင့် နိုင်ငံတကာ ဖက်ရှင်ဆိုင်ကြီးများ အားထားနေရသည့် အလုပ်သမားလုပ်ခလစာ အလွန်ဈေးသက်သာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအထည်ချုပ်စက်ရုံများအား ဒေါ်လာ ၃.၁၇ ဘီလျံရှိ အမှာစာ အော်ဒါများ ဖျက်သိမ်းခြင်းနှင့် ရွှေ့ဆိုင်းခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။

ထိုသတင်းသည် တောင်အာရှနိုင်ငံများ၏ စီးပွားရေးအတွက် စိုးရိမ်ဖွယ်ရာ သတင်းဆိုးလည်း ဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Exports ၏ ၈၀% သည် အထည်ချုပ်လုပ်ငန်းဖြစ်ပြီး တရုတ်ပြီးလျှင် ဒုတိယ အကြီးဆုံး Exporter ကြီးဖြစ်သည်။ အထည်ချုပ်လုပ်ငန်းမှ ဝင်ငွေသည် နိုင်ငံ GDP ၏ ၁၆% ရှိပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀ဘီလျံထက်မနည်း ဝင်ငွေရှာဖွေပေးနေသည်။

ခြိမ်းခြောက်ခံနေရသော အလုပ်အကိုင်သန်းပေါင်းများစွာ
အထည်ချုပ်လုပ်ငန်းကို မှီခိုအားထားနေသူများမှာ အထည်ချုပ် အလုပ်သမားတွေသာမကပဲ အစားအသောက်ရောင်းချသူများ၊ ကုန်တင်ကားမောင်းသူများနှင့် ဆိပ်ကမ်းအလုပ်သမားများ အပါအဝင် အလုပ်အကိုင်ပေါင်း ၁၅ သန်းခန့်ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေကြရသည်။

အထည်ချုပ်စက်ရုံ အများစုတည်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြို့တော် ဒါကာ အား အစိုးရက Lockdown ချပြီးနောက် ကျေးရွာများမှတက်၍ အလုပ်လာလုပ်သော အလုပ်သမားများအား မိသားစုနှင့် ဝေးကွာစေခဲ့ပြီး မြို့အတွင်းမှာ ပိတ်မိနေစေခဲ့သည်။
“အဓိက ပြဿနာက အစားအသောက်ပါပဲ။ ကျွန်တော်တို့ ဘယ်လိုစားသောက်ရမလဲမသိဘူး” ဟု မြို့ထဲတွင် မတ်လကုန်ကတည်းက ပိတ်မိနေသည့် အသက် ၂၆နှစ်အရွယ် ရီဇယ်အစ်စလမ် ဆိုသူက ဆိုသည်။ “ကျွန်တော့်ကို မှီခိုနေရတဲ့ မိသားစုလည်း ရွာမှာရှိနေတယ်။ ကျွန်တော်ရှာဖွေလို့ရသမျှ ရွာကိုပြန်ပို့လို့ရမှဖြစ်မယ်။ အခုကျွန်တော့မိသားစု အစားမစားရတော့ဘူး” ဟု သူကဆိုသည်။

မေးခွန်းထုတ်စရာ ကတိစာချုပ်များ
အလုပ်သမားများသည် ကပ်ရောဂါအတွင်း လုပ်ခလစာပေးဖို့စက်ရုံတွေကို တောင်းဆိုနေကြပြီး ၎င်းတို့၏ လုပ်ခလစာသည် အလွန်နည်းပါးတဲ့အတွက် ဤ ကပ်ကြီးအတွင်း တောင့်ခံနိုင်ဖို့မလွယ်ကူပေ။

ဘင်္ဂလားဒေ့ရှ် အလုပ်သမား ဥပဒေအရ စက်ရုံတွင် အနည်းဆုံး တနှစ် အလုပ်လုပ်ပေးခဲ့ဖူးသည့် အမြဲတမ်းဝန်ထမ်းများအား အနည်းဆုံး ရက် ၆၀ လုပ်ခလစာ ပေးရမည် ဖြစ်သော်လည်း အလုပ်သမားအများစုသည် သတ်မှတ်ထားတဲ့အတိုင်း လစာအပြည့်မရရှိကြပေ။

စက်ရုံပိုင်ရှင်များဘက်ကလည်း စက်ရုံနှင့်စာချုပ်ချုပ်ဆိုထားသည့် ဖက်ရှင် Brand များက စာချုပ်အတိုင်း အလုပ်မလုပ်ပါက အထည်ချုပ်အလုပ်သမားများအား မပံ့ပိုးပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ကပ်ရောဂါစတင်ကတည်းက ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်း ၃၁၆ ခုတွင် တဝက်ကျော်သည် ၎င်းတို့ချုပ်လုပ်ဆဲ အထည်အော်ဒါများ ဖျက်သိမ်းခံခဲ့ရပြီး အော်ဒါရှင်အများစုမှာ ဥရောပနှင့် အမေရိကန် ဖက်ရှင် Brand များဖြစ်သည်။

၉၈%သော ဝယ်ယူသူများသည် ဥပဒေအတိုင်း အလုပ်သမားလုပ်ခလစာပေးဖို့ငြင်းပယ်နေကြသည်။ ဝယ်သူများသည် ၎င်းတို့မှာယူသည့် စုစုပေါင်းကုန်ကျစရိတ်တွင် ၁၆% သော လုပ်ခလစာပေးချေရန် စာချုပ်တွင် ပါဝင်သည်။ အထည်ချုပ်စက်ရုံများသည် ပိုက်ဆံစိုက်ထုတ်၍ ကုန်ကြမ်းများဝယ်ယူထားရပြီး အလုပ်သမားခများ ကြိုတင်ပေးထားရကာ risk ယူထားရသော စီးပွားရေးလုပ်ငန်းတခုဖြစ်သည်။

လွန်ခဲ့သော ၇ နှစ်ခန့်က အထည်ချုပ်စက်ရုံများ ပြိုလဲခဲ့ပြီး လူပေါင်း ၁၀၀၀ ခန့်သေဆုံးခဲ့ရပြီးနောက် အလုပ်သမားများအား ကာကွယ်ပေးမည်ဟူသော ကတိစာချုပ်နှင့် ပတ်သက်၍ ဝေဖန်သံများကျယ်လောင်လာခဲ့သည်။

နိုင်ငံတကာ ဖက်ရှင် Brand များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ်စက်ရုံများမှ တင်ပို့နေသည့် နိုင်ငံတကာ Brand များတွင် ဆွီဒင် အထည်လုပ်ငန်း H&M, အမေရိကန် စတိုးလုပ်ငန်းကြီး Walmat နှင့် အင်္ဂလန်နိုင်ငံ၏ အကြီးဆုံး လက်လီစတိုးဆိုင် Primark တို့ပါဝင်ပြီး မှာယူထားသော အော်ဒါအားလုံး သို့မဟုတ် တစိတ်တပိုင်း အဖိုးအခအား ပေးချေမည်ဟု ကြေငြာထားသည်။

သို့သော် Gap အပါအဝင် အခြား Brand များကတော့ ရေရည်သေချာမှုများ မမြင်တွေ့ရကြောင်း အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူ အာရူနာ ကာရှ်ယပ်ကဆိုသည်။

Gap ကုမ္ပဏီကြီးအနေဖြင့် မှာယူထားသော အော်ဒါများအတွက် ငွေပေးချေဖို့ရှိမရှိ BBC မှမေးမြန်းစဉ် “ကုမ္ပဏီ ရေရှည်ထူထောင်နိုင်ရေးအပါအဝင် ဝန်ထမ်းများ၊ customers များနှင့် partners များအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေကြောင်း၊ မြောက်အမေရိကားနှင့် ဥရောပရှိ အရောင်းဆိုင်များအားလုံး ပိတ်သိမ်းထားရသည့်အတွက် တတ်နိုင်သမျှ အသုံးစရိတ်များဖြတ်တောက်နေရကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

ကပ်ရောဂါကြောင့် အမေရိကန် လက်လီအရောင်းများနှင့် ပတ်သက်သည့် လုပ်ငန်းများအားလုံး ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့ပြီး U.S လက်လီရောင်းအားသည် အဆိုးရွားဆုံးအဖြစ် မတ်လတွင် ၈.၇% ရောင်းအားကျဆင်းခဲ့သည်။

“ယခုကပ်ရောဂါသည် ယာယီ ငွေကြပ်တည်းမှု Crisis ကနေ global supply chain ကြီးကို ထာဝရ ယိုပေါက်ကြီးဖြစ်အောင် ခြိမ်းခြောက်လျက်ရှိနေသည်” ဟု အမေရိကန် အဝတ်အစားနှင့် ဖိနပ်ထုတ်လုပ်ရေး အသင်း၏ CEO ဖြစ်သူ စတိဗ်လာမာ ကဆိုသည်။

ထို့ကြောင့် Global financial crisis နဲ့ပတ်သက်လို့ လိုအပ်တဲ့ ငွေကြေး အထောက်အပံ့တွေရရှိဖို့နဲ့ ကပ်ရောဂါအတွင်း အလုပ်သမားတွေ တောင့်ခံနိုင်စေဖို့ အစိုးရနဲ့အတူတူ လက်တွဲအလုပ်လုပ်ရန် လိုအပ်ကြောင်း စတိဗ်က ဆိုသည်။ အစိုးရအနေဖြင့် အခွန်ကောက်ခံမှု ရပ်နားထားစေခြင်း၊ လက်လီအရောင်းသမားများအား ချေးငွေများထုတ်ပေးခြင်း စသည်တို့ လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

မရေရာသော အနာဂတ်
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက အလုပ်သမားခများ ပေးနိုင်ရန် စက်ရုံပိုင်ရှင်များအား ဒေါ်လာ ၈.၅သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ဝန်ကြီးချုပ်သည် ယခု ပြဿနာအပေါ်တွင် အလွန်အလေးအနက်ထားလျက်ရှိပြီး မည်သူမျှ ငတ်မွတ်မှုကြောင့်မသေဆုံးစေရပဲ ရရန်ရှိသော အလုပ်သမားခများ ရရှိစေရမည်ဟု ပြောကြားခဲ့သည်။

စက်ရုံပိုင်ရှင်များသည် အစိုးရချေးငွေများရယူရန်ရှိသော်လည်း ၂ နှစ်အတွင်း ပြန်ဆပ်ရမည်ဖြစ်သောကြောင့် ကိုရိုးနားဗိုင်းရပ်စ်သည် မည်သည့်အချိန်မှ ပြီးဆုံးမည်ကို မသိရှိနိုင်၍ အစိုးရချေးငွေနှင့် ပတ်သက်၍ ပူပင်နေရပြန်သည်။

“ အစိုးရလည်း အကောင်းဆုံးကြိုးပမ်းနေတာပါပဲ။ ဒါပေမဲ့ကျွန်တော်တို့ နိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံမဟုတ်တာကြောင့် နိုင်ငံခြားအရန်ငွေ များများစားစားမရှိဘူး။ ဒါ့ကြောင့် အစိုးရကလည်း မရေရာမသေချာတဲ့ ကပ်ရောဂါကြီးအတွင်းမှာ ကူညီထောက်ပံ့မှုတွေ အများကြီးမလုပ်နိုင်တာကို အလွန်ပဲ စိုးရိမ်ပူပန်နေရကြောင်း” Viyellatex Group ၏ CEO ဖြစ်သူ ဟာဆာနက်က BBC အားပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business

%d bloggers like this: