0

အမေရိက လုပ်ငန်းကြီးတွေကို အားကျစရာမလိုတော့တဲ့ အာရှ လုပ်ငန်းအဖူးအသစ်များ

Share

photo: techinasia

အရင်တုန်းကတော့ Uber, Airbnb စတဲ့ လုပ်ငန်းသစ်တွေဟာ အာရှက လူငယ်တွေအတွက် အားကျစရာ၊ အတုယူစရာဖြစ်ခဲ့ပါတယ်။ ခုတော့ ဒါတွေကို သိပ်မလိုတော့ပါဘူး။ အမေရိကက လုပ်ငန်းတွေကျဆင်းသွားလို့တော့ မဟုတ်ပါဘူး။ တကယ်က အာရှမှာလည်း ကိုယ်နဲ့ ပတ်ဝန်းကျင်တူ အခက်အခဲများကြားက ရုန်းကန်လာတဲ့ လုပ်ငန်းကြီးတွေ ဖြစ်ထွန်းလာတာကြောင့်ဖြစ်ပြီး အာရှက အောင်မြင်လာတဲ့လုပ်ငန်းတွေနောက်ကိုတောင် အမေရိကက ငွေကြေးကစားသမားတွေ လိုက်နေကြပါပြီ။
ဈေးကွက်သုတေသနသမားတွေ နာမည်စာရင်းကောက်ရင် အာရှလုပ်ငန်းတွေဟာ ကြီးစိုးလာတာကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီ့ထဲကမှ သက်ရောက်မှုအကြီးဆုံး နည်းပညာနဲ့ဆက်စပ် ကုမ္ပဏီကြီးတွေကတော့
1. Grab and GoJek
အငှားယာဉ်ဝန်ဆောင်မှု နဲ့ အစားအသောက်သယ်ယူပို့ဆောင်ရေးကြောင့် အရမ်းအောင်မြင်လာတဲ့ Grab နဲ့ ဒစ်ဂျစ်တယ်ပလပ်ဖေါင်းပေါ်က ငွေပေးချေမှုပေါင်းစုံကို လွယ်ကူအောင်လုပ်ဆောင်ပေးနေတဲ့ GoJek တို့က အာရှလူငယ်တွေ တကယ် စံထားစရာ လုပ်ငန်းကြီးတွေ ဖြစ်လာပါတယ်။ GoJek ရဲ့ နောက်ပိုင်းချဲ့ထွင်လာတဲ့ အစားအသောက်ပို့ဆောင်မှု၊ ဘေလ်ပေးချေစရာ ဝန်ဆောင်မှုကို အာဆီယံနိုင်ငံများသို့ချဲ့ထွင်မှု စတာတွေဟာ အာရှလူငယ်တွေအတွက် သင်ယူစရာ စီမံခန့်ခွဲမှု ပုံစံတွေကို ထုတ်ပေးနေသလိုပါပဲ။

2. Alibaba and Jack Ma
အလီဘာဘာ နဲ့ ပက်သက်ပြီးတော့လည်း ပြောစရာတွေ အများကြီးပါပဲ။ ကန့်သတ်ထိန်းချုပ်မှုတွေများတဲ့ တရုတ်ပြည်က ပေါက်ဖွားလာတဲ့ လုပ်ငန်းတစ်ခုဟာ စထောင်တုန်းက လုပ်ငန်းဝက်ဘ်ဆိုဒ်ပေ့ချ်လေး တစ်ခုပွင့်ဖို့ နာရီဝက် စောင့်ခဲ့ရပေမယ့် အခုတော့ တရုတ်ပြည်သာမက အခြားနိုင်ငံတွေကိုပါလွှမ်းမိုးလာတဲ့ ဒစ်ဂျစ်တယ်၊ မိုဘိုင်းနည်းပညာသုံး ဝယ်ရောင်း၊ ငွေချေ၊ ရင်းနှီးမြှုပ်နှံမှုတွေက အံ့သြစရာပါပဲ။ အာရှက လူနေမှုပုံစံတွေကြားထဲ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ပုံက အခြား ဥရောပ၊ အမေရိကတို့နဲ့ လုပ်ပုံကိုင်ပုံ၊ လူ့အဖွဲ့အစည်း မတူလို့ အာရှသား လူငယ်ခြေတက်တွေအတွက် အချို့ပြဿနာတော်တော်များများကို ဘယ်လိုဖြေရှင်းလဲဆိုတာ လေ့လာနိုင်ပါပြီ။

3. Softbank
Softbank ကတော့ ဂျပန်မှာ မွေးဖွားလာတဲ့ အာရှလုပ်ငန်းကြီးပါပဲ။ ဒါက ဘဏ်တစ်ခုတော့ မဟုတ်ပါဘူး။ တည်ထောင်သူ မာဆယိုရှိက ၁၉၈၁ ခုနှစ်ကနေ ခုထိ အမှုဆောင်အရာရှိချုပ် လုပ်နေတုန်းပါပဲ။ Softbank က ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ အနောက်နိုင်ငံက လုပ်ငန်းတွေကို ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်း စတာတွေမှာ နာမည်ကြီးတဲ့ Softbank ကို လူတွေ သတိထားမိလာပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းကစလို့ အထူးသဖြင့် နည်းပညာကုမ္ပဏီကြီးတွေကို ရင်းနှီးမြှုပ်နှံမှု၊ ဝယ်ယူမှုတွေ ခပ်စိတ်စိတ်လုပ်လာပါတယ်။ Boston Dynamics, ARM, WeWork စတဲ့ နာမည်ကြီးတွေ အပါအဝင်ပါ။

4. Tencent
တရုတ်ပြည် ရှန်းကျန့်က မွေးဖွားလာတဲ့ ဒီကုမ္ပဏီဟာ အင်တာနက်နဲ့ ပက်သက်တဲ့ ဝန်ဆောင်မှုပေါင်း အမြောက်အများကို အမြဲတမ်းကြံစည်နေတာပါပဲ။ သူထုတ်ထားတဲ့ အွန်လိုင်းဆက်စပ် Internet-related Services, Products တွေဟာ အရမ်းများလာပါပြီလို့ ပြောလို့မဆုံးခင် အခြား ဖျော်ဖြေရေးဘက်ကိုပါ ပိုအာရုံစိုက်နေတာမျိုးတွေလည်း ရှိနေပါတယ်။ နောက်ဆုံးတော့ တရုတ်ပြည်က နည်းပညာလုပ်ငန်းကြီးတွေရဲ့ (လက်ရှိ) နောက်ဆုံးပန်းတိုင်လို့ ပြောရမလားပဲ။ သူက လူတွေဖန်တီးတဲ့ ကွန်ပျူတာအသိဉာဏ် Artificial Intelligence AI ဘက်ကို အကြီးအကျယ် အာရုံစိုက်နေပါပြီ။ Tencent ကိုတည်ထောင်သူတွေကတော့ ၅ ဦးတောင် ရှိပါတယ်။

5. Tokopedia
တိုကိုပီးဒီးယားဟာ အာဆီယံမှာ အမြင့်ဆုံး ဂျီဒီပီရှိတဲ့ အင်ဒိုနီးရှားရဲ့ နောက်ထပ် ဂုဏ်ယူစရာလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သူက e-commerce အတွက် အကောင်းဆုံးလုပ်ဆောင်နေတဲ့ အာဆီယံသား တစ်ယောက်ပါပဲ။ သူ့ကို အင်ဒိုနီးရှားရဲ့ Unicorn လို့ တင်စားကြပြီး ပြိုင်ဘက် Gojek , ခရီးသွားဝန်ဆောင်မှု Traveloka, ecommerce လုပ်ငန်းနောက်တစ်ခုဖြစ်တဲ့ Bukalapak, ငွေကြေး/နည်းပညာ လုပ်ငန်းတစ်ခုဖြစ်တဲ့ OVO တို့နဲ့ တစ်တန်းတည်းထားပြီး စိတ်ဝင်တစား စောင့်ကြည့်ခံနေရပါတယ်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics

source, grab, gojek, tokopedia, softbank, alibaba, techinasia

%d bloggers like this: