0

အိန္ဒိယတောင်ပိုင်းတွင် Amazon က အစားအသောက်ပို့ဆောင်သည့်လုပ်ငန်း တိုးချဲ့စမ်းသပ်

Share

ကမ္ဘာ့အကြီးဆုံး အင်တာနက်ကုမ္ပဏီကြီးဖြစ်သည့် အမေဇွန် (Amazon) သည် ယခု ကိုဗစ်ကာလအတွင်း လှုပ်ရှားမှုအသစ်အဖြစ် အိန္ဒိယပြည်တောင်ပိုင်းမြို့တော်ဖြစ်သည့် ဘင်ဂါလူရူ (Bengaluru) မြို့တွင် အွန်လိုင်းမှ တဆင့် အစားအသောက်ပို့ဆောင်ပေးသည့် လုပ်ငန်းကို စမ်းသပ်ခဲ့သည်။

အိန္ဒိယ ဈေးကွက်တွင် အင်အားကြီးလုပ်ငန်းကြီး ၁ ခုဖြစ်သည့် Uber Eats သည် ပြီးခဲ့သည့်နှစ်က ဆုတ်ခွါသွားခဲ့ပြီး ၎င်း၏ ဈေးကွက်ဝေစုအား တက်သစ်စလုပ်ငန်းဖြစ်သည့် Zomato ကို ရောင်းချသွားခဲ့သည်။

ဈေးကွက်အတွင်း အွန်လိုင်းမှ အစားအသောက်မှာယူသည့် ဝယ်လိုအားကျဆင်းနေသည်ဟု သိရသော်လည်း Amazon သည် ၎င်း၏ အိန္ဒိယအပေါ်မျှော်လင့်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ထားဖွယ်ရှိသည်။

ကန်ဒေါ်လာ ၆.၅ ဘီလျံ ရင်းနှီးမြှုပ်နှံလာခဲ့ပြီးနောက် ပြိုင်ဘက် Walmart ကဲ့သို့ပင် ဖွံ့ဖြိုးတိုးတက်မှုမြင့်မားသော နိုင်ငံများ၏ ဈေးကွက်အတွင်း ထိုးဖေါက်ဝင်ရောက်လာသည်။

Amazon အနေဖြင့် ယခုကဲ့သို့ ကပ်ဘေးမဖြစ်ခင်ကတည်းက အစားအသောက်လုပ်ငန်းလုပ်ဆောင်သွားရန် စီစဉ်ပြီးဖြစ်သည်ဟု ဆိုသည်။
ယခု Amazon ၏ စမ်းသပ်မှုကာလတွင် တောင်ပိုင်းမြို့တော် ဘင်ဂါလူရူရှိ စားသောက်ဆိုင်ပေါင်း ၁၀၀ ကျော် ပါဝင်လာပြီဖြစ်သည်။

ဈေးကွက်စမ်းသပ်ဆဲကာလ အခြေအနေကိုကြည့်၍ အောင်မြင်ခဲ့ပါက အိန္ဒိယ တနိုင်ငံလုံးကို ဝန်ဆောင်မှုပေးသွားရန် ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် အမေဇွန်၏ ဖေါက်သည်များသည် အင်တာနက်မှ (လူသုံးကုန်ပစ္စည်းများအပြင်) ဈေးဝယ်ရာ၌ အစားအသောက်များပါ တွဲဖက်မှာလိုကြောင်း ပြောနေကြသည်ဟု Amazon က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ လူသုံးကုန်ပစ္စည်းများနှင့် အစားအသောက်မှာယူမှု၊ တွဲဖက်ရောင်းချမှုသည် လူထုအတွင်း လိုအပ်နေသည့် စီးပွားရေး ပုံစံအသစ်တစ်ခုဖြစ်လာနိုင်သည်။

အင်တာနက်မှ စာအုပ်များရောင်းချသည့် အခြေအနေမှ ကမ္ဘာလုံးဆိုင်ရာ ပစ္စည်းအမျိုးမျိုးကို အင်အားအကြီးဆုံးအနေဖြင့် ရောင်းချနိုင်သည့် အခြေအနေသို့ရောက်ရှိခဲ့ပြီဖြစ်သည့် Amazon သည် ယခုအခါ အိန္ဒိယ ဒေသတွင်းပြိုင်ဘက်များဖြစ်သည့် Swiggy, Zomato စသည့် လုပ်ငန်းများဖြင့် ယှဉ်ပြိုင်ရဖွယ်ရှိသည်။

ကိုရိုနာကူးစက်မှုဘေးကြောင့် ထို လုပ်ငန်း၂ ခုလုံးမှာလည်း အကြီးအကျယ် ထိခိုက်မှုရှိခဲ့သည်။

Zomato တည်ထောင်သူ ဒီပင်ဒြာ ဂိုရယ် က ယခုလအတွင်း နိုင်ငံပြင်ပရှိလုပ်သားအင်အား ၁၃% ခန့်ကို လျှော့ချမည်ဟု ကြေငြာခဲ့သည်။

သတင်းတစ်ခုတွင် ဒီပင်ဒြာ (Deepinder Goyal) က စားသောက်ဆိုင် အားလုံး၏ ၄၀% ခန့်မှာ လာမည့် ၁၂ လအတွင်း ကွယ်ပျောက်သွားနိုင်သည်ဟု ပြောကြားခဲ့သေးသည်။

၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့သော Zomato ၏ ဖေါက်သည်အရေအတွက်သည် အိန္ဒိယတွင် သန်း ၈၀ ခန့်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: BBC Business, QZ, Zomato

%d bloggers like this: