Air France-KLM သည် ကိုဗစ်ကာလ စီးပွားရေး ထိခိုက်မှုများကြောင့် ဒေဝါလီခံရမည့်အရေး နီးကပ်လာလျက်ရှိရာ ယခု အခါတွင် ပြင်သစ်နှင့် ဒတ်ချ် (နယ်သာလန်) အစိုးရများထံမှ ယူရိုငွေ ၁၁ ဘီလျံ (ကန်ဒေါ်လာ ၁၂ ဘီလျံ) ခန့် ဘဏ္ဍာရေး အကူအညီအဖြစ် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဒတ်ချ်အစိုးရက KLM လေကြောင်းကို ယူရိုငွေ ၂ ဘီလျံမှ ၄ ဘီလျံကြား ထောက်ပံ့သွားမည်ဟု သောကြာနေ့က ကြေငြာခဲ့ပြီး ပြင်သစ် အစိုးရအဖွဲ့မှလည်း ယူရိုငွေ ၇ ဘီလျံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။
အဆိုပါကိစ္စကို အာဏာပိုင်များအကြား အတည်ပြုရန် လုပ်ဆောင်နေကြပြီး ထောက်ပံ့ငွေထုတ်ပေးပြီးနောက် လုပ်ဆောင်ရမည့် အဆင့်များလည်း ပါဝင်မည် ဖြစ်သည်။ KLM သည် အစိုးရများမှ ထောက်ပံ့ကြေး မရသေးမီကာလအတွင်း သက်ဆိုင်ရာ ရှယ်ယာပိုင်ရှင်များကို အမြတ်ငွေများ၊ Bonus များ ထုတ်ပေးနိုင်ဦးမည်မဟုတ်ပဲ ဝန်ထမ်းများသည်လည်း လစာဖြတ်တောက်ခြင်း ခံထားရဆဲ ဖြစ်နေကြောင်း ကြေငြာချက်များအရ သိရသည်။
အဆိုပါ လေကြောင်းလိုင်းသည် မကြာမီအချိန်အတွင်း ညအချိန် ပျံသန်းမှုများကို လျှော့ချသည့် Greener Approach ကို ကျင့်သုံးတော့မည်ဟု ဆိုသည်။
နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်း IATA (International Air Transport Association) က ၂၀၂၀ တွင် ခရီးသွား အရေအတွက် ၅၅% ထိ လျော့ကျဖွယ်ရှိကြောင်း၊ ဥရောပ လေကြောင်းလိုင်းများအနေဖြင့် ဝင်ငွေ ဆုံးရှုံးနိုင်မှုသည် ကန်ဒေါ်လာ ၈၉ ဘီလျံထိဖြစ်နိုင်ကြောင်း ပြီးခဲ့သည့် အပတ်က ကြေငြာခဲ့သည်။
တနင်္လာနေ့ မနက်တွင် လေကြောင်းလိုင်းရှယ်ယာများ ၃% မြင့်တက်ခဲ့ပြီး ဂျာမဏီ လေကြောင်းလိုင်းတစ်ခုဖြစ်သော Lufthansa က ၉% ကျော် ရှယ်ယာဈေးတက်ခဲ့သည်။
ဂျာမဏီအစိုးရသည်လည်း Lufthansa ကို ဘဏ္ဍာရေး အကူအညီများပေးနိုင်ရန် ညှိနှိုင်းနေသည်။
တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ဂျာမန် ရေဒီယိုတွင် စီးပွားရေး ဝန်ကြီး ပီတာ အယ်မိုင်ယာ Peter Altmaier က ကမ္ဘာ့စီးပွားရေးတွင် အရေးပါသော ကုမ္ပဏီများက ယခု ကပ်ဖြစ်ပွားနေမှုပြီးဆုံးလျှင်လည်း ပြိုင်ဆိုင်မှုပြင်းထန်နေမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ လေကြောင်းလိုင်း Lufthansa သည် မတ်လ တစ်ခုတည်းတွင် ဝင်ငွေ ၁.၄ ဘီလျံ ယူရို လျော့ကျခဲ့ပြီး လာမည့်အပတ်များတွင်လည်း သိသာသော ထိခိုက်မှုများ ရှိနေမည်ဟု ထုတ်ပြန်ခဲ့သည်။
အီတလီ အစိုးရကမူ Alitalia လေကြောင်းလိုင်းကို လာမည် ဇွန်လတွင် အလုံးစုံ ထိန်းသိမ်း စီမံသွားမည်ဟု သိရသည်။
Virgin Atlantic လေကြောင်းလိုင်းသိလည်း ဗြိတိန် အစိုးရထံမှ ဘဏ္ဍာရေး အကူအညီများ တောင်းဆိုခဲ့ပြီး ဗြိတိန်အစိုးရသည် ယခုလောလောဆယ်တွင် EasyJet လေကြောင်းအား ပေါင် သန်း ၆၀၀ ကူညီပြီးဖြစ်ကြောင်း သိရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: CNBC News, image: Eric Piermont