နယူယော့ အခြေစိုက် ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Hindenburg Research က Adani လုပ်ငန်းစုကြီးသည် ပြီးခဲ့သည့် နှစ်များအတွင်း စတော့ဈေးကွက် ခြယ်လှယ်ကစားမှုများနှင့် ငွေစာရင်းမသမာမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်စွပ်စွဲခဲ့ပြီးနောက်တွင် အိန္ဒိယ၏ လက်ရှိအချမ်းသာဆုံး ဘီလျှံနာသူဌေးကြီးဖြစ်သော Adani ပိုင်ဆိုင်သည့် Adani လုပ်ငန်းစုကြီး၏ ရှယ်ယာများသည် ၆၈ ဘီလီယံအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Hindenburg Research ၏ အဆိုပါ ထုတ်ပြန်ချက်စာတမ်းသည် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ စုံစမ်းမှုစာတမ်းအတွက် Hindenburg အနေဖြင့် နှစ်နှစ်ခန့် အချိန်ယူခဲ့ကြောင်း ရေးသားထားကာ များစွာသော ရင်းနှီးမြှပ်နှံသူများ၊ နိုင်ငံရေးသမားများနှင့် ဂျာနယ်လစ်များသည် အဆိုပါ ကိစ္စများကို သိရှိသော်လည်း ရေငုံနှုတ်ပိတ်နေသည့်အတွက် Adani မိသားစုသည် ထိုကဲ့သို့ မသမာမှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားသည်။
Adani လုပ်ငန်းစုကြီးသည် စွမ်းအင်၊ ကျောက်မီးသွေး၊ ဘိလပ်မြေ၊ မီဒီယာ၊ စားသောက်ကုန်၊ လေဆိပ်နှင့် ဆိပ်ကမ်းများအထိ လုပ်ငန်းခွဲပေါင်းများစွာပိုင်ဆိုင်ထားသော ကော်ပိုရေးရှင်းကြီးဖြစ်ပြီး ဇန်နဝါရီဈေးကွက်ပေါက်ဈေးအရ လုပ်ငန်းစုတစ်ခုလုံး၏တန်ဖိုးမှာ ဒေါ်လာ ၂၂၀ ဘီလီယံခန့်ရှိသည်။
စီးပွားရေးသုံးသပ်သူများက Adani နှင့် အိန္ဒိယဝန်ကြီးချုပ်ဖြစ်သော မိုဒီတို့သည် ဂူဂျာရက်ပြည်နယ်သားများဖြစ်ကြသည့်အပြင် အလွန်ရင်းနှီးသည့် ဆက်ဆံရေး ရှိသောကြောင့် Adani သည် စီးပွားရေး အခွင့်အလမ်းများကို ပြိုင်ဘက်များထက် လွယ်လွယ်ရရှိလေ့ရှိပြီး သည့်အတွက်ကြောင့်ပင် အလျှင်အမြန်ကြီးပွားလာခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ယခုဖြစ်ရပ်ကြောင့် Adani ၏ ကြွယ်ဝမှုများမှာ ဒေါ်လာ ၄၀ ဘီလီယံခန့်ကျဆင်းသွားခဲ့ပြီး Forbes ၏ ကမ္ဘာ့အချမ်းသာဆုံး အဆင့်သတ်မှတ်ချက်တွင်လည်း အဆင့် ၈ သို့ ကျဆင်းသွားခဲ့သည်။
ဇန်နဝါရီ ၂၅ ရက်နေ့တွင် Adani လုပ်ငန်းစု၏ ဘဏ္ဍာရေးအကြီးကဲဖြစ်သူက အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိ၊ သက်သေမရှိသော အချက်အလက်များဖြင့် စုစည်းထားခြင်းဖြစ်ပြီး Adani လုပ်ငန်းစုကို တမင်တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။
သည့်အပြင် ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ Adani အဖွဲ့သည် စာမျက်နှာ ၄၁၃ မျက်နှာပါဝင်သော ရှင်းလင်းချက် စာတမ်းကို ထုတ်ပြန်၍ ၎င်းထဲတွင် ယခုစွပ်စွဲမှုသည် ၎င်းတို့ လုပ်ငန်းစုကို ရည်ရွယ်ခြင်းဖြစ်သော်လည်း အမှန်တကယ်တွင် အိန္ဒိယ တရားစီရင်ရေး၊ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာတို့ကိုပါ အကွက်ကျကျ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ချေပထားသည်။
သို့သော်လည်း ရင်းနှီးမြှပ်နှံသူများအနေဖြင့် စတော့ဈေးကွက်ထဲတွင် Adani ၏ ရှယ်ယာများကို ဆက်လက်ရောင်းချလျက်ရှိပြီး မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Hindengurg အနေဖြင့် Adani လုပ်ငန်းစု၏ ချေပချက်များတွင် စာမျက်နှာ ၃၀ ခန့်သာ ၎င်းတို့၏ စစ်ဆေးချက်ကို တုံ့ပြန်ထားခြင်းဖြစ်ပြီး ကျန်စာမျက်နှာများမှာ တရားရုံးစီရင်ချက်များ၊ ၎င်းတို့၏ ဘဏ္ဍာရေး စည်းမျဉ်းများအကြောင်းနှင့် စွပ်စွဲချက်နှင့် မသက်ဆိုင်သည့် အမျိုးသမီးစွမ်းဆောင်ရှင်များနှင့် အသီးအရွက် ထုတ်လုပ်မှုများအပေါ် ၎င်းတို့ မည်သို့ပံ့ပိုးကြောင်း လျောက်ရေးထားခြင်းဖြစ်သည်ဟု ဆိုထားသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Financial Times, CAN, CNBC
Photo: BBC