0

ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်တွင် အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့သည့် ကုမ္ပဏီများ

Share

ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်ပွားနေချိန်များတွင် စီးပွားရေးလုပ်ငန်းများတွင် သာမန်ထက်ထူးခြားမှုများ ဖြစ်တတ်သည်ကို တွေ့ရလေ့ရှိသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ ကုန်ထုတ်နိုင်စွမ်းများ ကျဆင်းလာတတ်ပြီး၊ အလုပ်အကိုင်ရှားပါးလာမှုများ၊ ငွေကြေးလည်ပတ်မှု နှေးကွေးလာခြင်းများ ဖြစ်လေ့ရှိပါသည်။

အလုပ်များကို ကြိုးစားလုပ်ကိုင်နေကြသည့် သူတိုင်းအတွက် မရေရာမသေချာမှုများ အများဆုံးရင်ဆိုင်ရသည့်ကာလလည်းဖြစ်ပြီး တက်သစ်စ Startups များအတွက် ရပ်တည်ဖို့ မသက်သာရဆုံး အခိုက်အတန့်များဖြစ်သည်။

စီးပွားရေးကျဆင်းမှု တိမ်တိုက်ကြီးအောက်မှ လွတ်မြောက်သွားသူများမှာ အနည်းငယ်သာရှိသော်လည်း အားလုံးသော လုပ်ငန်းများ အခက်အခဲကြုံနေသည်ဟုတော့ မဆိုသာပါချေ။

အခြေအနေများ ယိမ်းယိုင်နေသော ဈေးကွက်များထဲမှ ရုန်းထွက်နိုင်ခဲ့သည့် ကုမ္ပဏီများကို ကြည့်လျှင် တီထွင်ဖန်တီးမှု အားကောင်းခဲ့သည့်လုပ်ငန်းများ ဖြစ်သည်ကိုသာ တွေ့ရသည်။

၎င်းတို့အားလုံး လုပ်ငန်းခွင်စနစ်သစ်များဖန်တီးခြင်း၊ စီးပွားရေး Model အသစ်တွင် လူအများ ပါဝင်လက်ခံလာအောင်ဖန်တီးနိုင်ကြခြင်း၊ လူသားတို့အကျိုးရှိမည့် ပစ္စည်းများ တီထွင်ထုတ်လုပ်နိုင်ခြင်းကဲ့သို့သော တူညီမှုများကို မြင်တွေ့ရမည်ဖြစ်သည်။

ဒေသတွင်းဖြစ်စေ၊ နိုင်ငံတကာစီးပွားရေးအခြေအနေများကြောင့်ဖြစ်စေ Recession ကာလတွင် မည်သည့်နေရာ၌ စရိတ်များ အကုန်အကျခံမည်ဆိုသည့် ခက်ခဲသော ဆုံးဖြတ်ချက်များလည်း ချရလေ့ရှိသည်။

စီးပွားရေးကျဆင်းသည့် အချိန်များတွင် သင်မည်သည့် အခါကမျှ မကြုံခဲ့ဖူးသေးသည့် အခွင့်အရေးများလည်း ရရှိနိုင်ပါသေးသည်ဟု Stanford ဘောဂဗေဒပညာရှင် Paul Romer က ပြောကြားခဲ့ဖူးသည်။

စီးပွားရေးကျဆင်းသည့် ယခုကဲ့သို့ အချိန်မျိုးတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များလည်း ပေါ်ထွက်တတ်သည်ဖြစ်ရာ ပြီးခဲ့သည့် ကြောက်မက်ဖွယ်စီးပွားရေး အခြေအနေများအတွင်းခုန်ထွက်နိုင်ခဲ့သည့် ကုမ္ပဏီ ၆ ခုကို ဖေါ်ပြလိုက်ရပါသည်။

 

Microsoft: 1975
မိုက်ခရိုဆော့ဖ် ကုမ္ပဏီစတင်တည်ထောင်ဖြစ်လာမည့် ၁၉၇၀ ကျော်နှစ်များသည် အမေရိကန်ပြည်ထောင်စုတွင် နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုကိုရင်ဆိုင်နေရသည့် ကာလဖြစ်သည်။

၁၆ လကြာမျှ ဖြစ်ပွားသော စီးပွားရေး ကျဆင်းမှုကိုရင်ဆိုင်နေရပြီး နိုင်ငံ့ထုတ်ကုန်စွမ်းအား GDP သည်လည်း ကျဆင်းနေသည်။

မိုက်ခရိုဆော့ဖ်ကိုတည်ထောင်မည့် Bill Gates နှင့် Paul Allen တို့သည်လည်း ကောလိပ်ပင် မပြီးပဲ ကျောင်းထွက်ကာ အိမ်တိုင်း၊ ရုံးတိုင်းတွင် ကွန်ပျူတာများ သုံးနိုင်ရန်ကြံဆနေကြသည်။

သို့သော်လည်း လုပ်ငန်းနယ်ပယ်အတွင်း အကြီးဆုံးကန့်သတ်ချက်များကို ကျော်လွှားနိုင်ခဲ့ကာ သူတို့ ၂ ဦး၏ အိပ်မက်ဖြစ်သော လူတိုင်း ကွန်ပျူတာ ၁ လုံးပိုင်ဆိုင်ရေးသည်ယနေ့ဖြစ်လာခဲ့ပြီဖြစ်သည်။

 

Apple: 1975, 2001
Apple ကုမ္ပဏီသည်လည်း ၁၉၇၀ကျော်နှစ်များမှ စီးပွားရေးကျဆင်းမှုဒဏ်ကို ခံခဲ့ရသည်။

၁၉၇၅ တွင် ကုမ္ပဏီ စတင်ခဲ့သော်လည်း ဝက်ဘ်ဆိုဒ်များ ဖေါင်းပွခဲ့သည့် dot-com crash ဖြစ်ရာ ၂၀၀၀ ပြည့်နှစ်ကျော်ကျော်တွင် အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင်ဖြစ်ပွားသော စီးပွားရေး ကျဆင်းမှုသည် ၈ လ ကြာခဲ့ပြီး ထိုအချိန်တွင် 9/11 ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
ထိုကာလသည် Apple သို့ Steve Jobs ပြန်ရောက်လာခဲ့သော အပိုင်းအခြားအတွင်းဖြစ်ပြီး ကုမ္ပဏီ၏ နာမည်ကျော် iPod ကို စတင်ဖန်တီးနိုင်ခဲ့သည့်အချိန်ဖြစ်သည်။

ယခင်ကတည်းက Apple ၏ COO အဖြစ်ဆောင်ရွက်ခဲ့ပြီး ယခု CEO အဖြစ်တာဝန်ယူနေသည့် Tim Cook ကလည်း ၎င်းတို့အနေဖြင့် စီးပွားရေးကျဆင်းသည့် ကာလတိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများကို ယုံယုံကြည်ကြည် ထပ်မံလုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

 

Netflix: 1997
အင်တာနက်မှ ရုပ်သံကြည့်ပရိသတ် ၁၈၃ သန်းဖြင့် အများဆုံးဖြစ်နေသည့် Netflix စတင်တည်ထောင်ချိန်တွင် Dot-com Bubble (အင်တာနက်ဝက်ဘ်ဆိုဒ်ဖေါင်းပွမှု) ဖြစ်စဉ်သို့ဦးတည်နေချိန်ဖြစ်သည်။

ထိုအချိန်က အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံး ရုပ်ရှင်၊ ဗီဒီယို အခွေငှားဆိုင်လုပ်ငန်း Blockbuster LLC ကြီးစိုးနေသည့် အချိန်များဖြစ်ပြီး အင်တာနက်မှ ရုပ်သံများကြည့်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်အရာဖြစ်သည်။

၂၀၀၀ ခုနှစ်တွင် Netflix အနေဖြင့် လက်လျှော့လုနီးပါးဖြစ်ခဲ့ပြီး လုပ်ငန်းကိုလည်း Blockbuster ထံသို့ ဒေါ်လာ သန်း ၅၀ ဖြင့် ရောင်းချလုနီးနီးဖြစ်ခဲ့သည်။

သို့သော်လည်း ၎င်းအနေဖြင့် အခက်အခဲ မုန်တိုင်းများကို ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုအခါ ကမ္ဘာပေါ်တွင် စားရင်းသွင်းကြည့်ရှုသူအများဆုံး Online TV Platform ဖြစ်လာခဲ့ပြီး အေခွငှားလုပ်ငန်း Blockbuster မှာ အော်ရီဂွန်ရှိ ဆိုင် ၁ခုသာ ကျန်တော့သည်။

 

Mailchimp: 2001
Mailchimp သည် email marketing လုပ်ဆောင်သည့် ကုမ္ပဏီဖြစ်ပြီး အစောပိုင်းတွင် ကော်ပိုရေးရှင်းကြီးများ၊ လုပ်ငန်းကြီးများကိုသာ ရည်ရွယ်ခဲ့သည်။

သို့သော်လည်း ၎င်းတို့လုပ်ငန်း၏ ရည်ရွယ်ရာ ဖေါက်သည်အပြောင်းအလဲလုပ်ရမှုများ ၂၀၀၈ စီးပွားပျက်ကပ်တွင် ဖြစ်လာခဲ့ရသည်။

Great Recession ကာလဖြစ်သည့် ၂၀၀၇-၂၀၀၉ ကာလအတွင်း ကုမ္ပဏီသည် အသေးစားလုပ်ငန်းပိုင်ရှင်များထံသို့ ဝန်ဆောင်မှုပေးနိုင်ရန်ကြိုးစားခဲ့သည်။

သင့်အနေဖြင့် email marketing လုပ်သည့် ကုမ္ပဏီကလေးကို အသေးအမွှား နည်းပညာလုပ်ငန်းလေးဟု ထင်ကောင်းထင်နေပါလိမ့်မည်။

သို့သော်လည်း ၎င်းတို့၏ လှုပ်ရှားမှုအသစ်များကြောင့် Social Media Pros များ မငှားရမ်းနိုင်သော၊ Marketing Teams များ ငှားရမ်းရန် မတတ်နိုင်သော အသေးစားလုပ်ငန်းရှင်များအတွက် အားထားစရာဖြစ်လာခဲ့ပြီး ယခုအခါတွင် Mailchimp ကိုအသုံးပြုသူ လုပ်ငန်းရှင်ပေါင်း သန်း ၂၀ ကျော်ပြီဖြစ်ရာ လုပ်ငန်းအရေအတွက်ကိုလည်း မှန်းဆကြည့်နိုင်သည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း ဝင်ငွေ ဒေါ်လာ သန်း ၆၀၀ ပမာဏတိုးတက်ခဲ့မှုကြောင့် ကုမ္ပဏီ၏ တန်ဖိုးသည့် ဒေါ်လာ ၄.၂ ဘီလျံသို့မြင့်တက်ခဲ့ပြီး တည်ထောင်သူများဖြစ်သည့် Chestnut နှင့် Khurzius တို့အတွက် ၁ဦးလျှင် ဒေါ်လာ ၂.၁ ဘီလျံမျှ ပိုင်ဆိုင်မှုရှိလာပြီဖြစ်သည်။

၎င်းတို့ ၂ ဦးဆုံးဖြတ်ခဲ့သည့် Mailchimp ဝန်ဆောင်မှုအတွင်း Freemium (ပထမတွင် အခမဲ့ အသုံးပြုစေမှု) ကို ၂၀၀၉ ခုနှစ်စမ်းသပ်လုပ်ဆောင်ခဲ့မှုက ထိုနှစ်အတွင်းပင် အသုံးပြုသူ ဦးရေ ၈၅၀၀၀ မှ ၄၅၀,၀၀၀ သို့ မြင့်တက်စေခဲ့သည်။

 

Airbnb: 2008
AirBnB တည်ထောင်သူ CEO Brian Chesky ကတော့ သူတို့လုပ်ငန်းနဲ့ပါတ်သက်ပြီး လူအများပြောလေ့ရှိသည့် စကားကို ပြန်ပြောနေတတ်သည်။

“ရှိခဲ့ဖူးသမျှ အလုပ်ဖြစ်သည့် အကြံတွေထဲမှာ Airbnb က အဆိုးရွားဆုံး”

ဆန်ဖရန်စစ္စကိုက သူတို့ ဧည့်ခန်းမှာ ၁ ယောက်စာ အိပ်ယာနေရာလေးငှားစားရန် အကြံပေါ်လာရာမှ ယခုအခါ တကမ္ဘာလုံးက ခရီးသွားများအတွက် တည်းစရာ ရှာဖွေပေးသည့် ဒေါ်လာ ၃၀ ဘီလျံ တန်ဖိုးရှိလုပ်ငန်းကြီးဖြစ်လာခဲ့သည်။

2008 Financial Crisis အတွင်း တည်ထောင်ခဲ့သော သူတို့လုပ်ငန်းအတွက် အရင်းအနှီးရရှိရန်လည်း မလွယ်ကူခဲ့ပေ။
ဘဏ္ဍာရေးကပ်အတွင်း လုပ်ငန်းလည်ပတ်ငွေရစေရန် cereal box များ ရောင်းချခဲ့ရသေးသည်။

 

Warby Parker: 2010
Warby Parker သည် အွန်လိုင်းမှ တဆင့် မျက်မှန်များ ရောင်းချသည့် ကုမ္ပဏီဖြစ်သည်။

မိမိမှာယူလိုသောမျက်မှန်အတွက် အွန်လိုင်းမှ လိုအပ်သည့်အချက်အလက်များပေးပို့၍ အိမ်အရောက်ပို့ဆောင်သည့်စနစ်သည် လူအများကြား အလျင်အမြန်အောင်မြင်မှုရခဲ့သည်။

Warby Parker သည် ရင်းနှီးမြှုပ်နှံမှုများအကြိမ်ကြိမ်ရရှိထားသော်လည်း ၎င်း၏ နှစ်စဉ်ဝင်ငွေကိုမူ အများပြည်သူ Public သို့ ထုတ်ပြန်ခြင်းမရှိချေ။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကုမ္ပဏီတန်ဖိုးသတ်မှတ်ချက် ဒေါ်လာ ၁.၇၅ ဘီလျံသို့ရောက်ရှိသွားခဲ့သည်။

၎င်း၏ မျက်မှန်ကိုင်းများကို မှန်အပါအဝင် ၁ လက်တန်ဖိုး ၉၅ ဒေါ်လာသတ်မှတ်ထားပြီး ဝယ်ယူသူဆီတိုက်ရိုက် ဈေးရောင်းသော e-commerce leader ဖြစ်လာခဲ့သည်။

မျက်မှန်မှာယူသူများကို ငွေမပေးချေမီ မျက်မှန် ၅ လက်ထိ အစမ်းတပ်ခိုင်းခြင်း၊ ဖေါက်သည်များအနေဖြင့် မျက်မှန်အနေအထား နေသားကျမကျ စမ်းသပ်ရန် ၆ ရက် တောင်းဆိုနိုင်ခြင်းများက အလုပ်ဖြစ်စေခဲ့သည်။

 

အခက်ခဲဆုံးအခြေအနေများတွင် ရုန်းကန်နိုင်ခဲ့သော ကုမ္ပဏီများက ထိုအချိန်များတွင် အခွင့်အလမ်းများရှိနေကြောင်း ပြသနေဆဲဖြစ်သည်။
Recession ကာလများတွင် လုပ်ငန်းတိုင်းကတော့ အောင်မြင်လာနိုင်မည်မဟုတ်ပေ။

ယခုအချိန်သည် ကျွန်တော်တို့ မည်မျှ ကြံ့ကြံ့ခံနိုင်မည်နည်းဆိုသည်နှင့် အခြေအနေအလိုက် လိုက်လျောညီထွေရှိစွာ ပြောင်းလဲနိုင်မှုများပြုလုပ်နိုင်မည်ကို သက်သေပြရမည့် အချိန်ဟု ယူဆထားပါသည်။

ကူးယူးဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: The Balance, Forbes, Inc, Investopedia, Vox, Pexels

%d bloggers like this: