0

၁၁ နှစ်သား အမှိုက်ကောက်လုပ်ငန်းရှင်လေး ပြောနေတဲ့ ပြန်လည်သုံးစရာ စွန့်ပစ်ပစ္စည်းများ

Share

 

၂၀၁၇ ခုနှစ်တုန်းက ၇ နှစ်သား အရွယ်သာရှိသေးတဲ့ ရိုင်ယန် (Ryan Hickman) ကို သတင်းမီဒီယာတွေကြားမှာ လူတွေက ပိုမိုသတိပြုမိလာကြပါတယ်။ သူက ကယ်လီဖိုးနီးယားက အမှိုက်ကောက်လုပ်ငန်းရှင်လေးပါ။ ခု ၁၁ နှစ် အရွယ်ရှိလာပြီဖြစ်တဲ့ Ryan ဟာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် အသုံးပြုဖို့ အခြားသူတွေကို တိုက်တွန်းရာမှာ အကောင်းဆုံး ပုံရိပ်ဖြစ်လာပါတယ်။
ရိုင်ယန့် အကြောင်း အစကတော့ ဒီလိုပါ။ သူ ၃ နှစ်သား အရွယ်မှာ အဖေဖြစ်သူနဲ့ စွန့်ပစ် ပစ္စည်း ပြန်လည်အသုံးပြုရေး စင်တာ (Recycling Center) ကို အလည် သွားခဲ့ပါတယ်။ အဲ့ဒီ့မှာ ရိုင်ယန်က စပြီး သဘောပေါက်လာခဲ့ပါတယ်။ လူတွေ အသုံးပြုပြီးသား ပလစ်စတစ်တွေ၊ ရေဘူးတွေ၊ အချိုရေ သံဘူးတွေဟာ ပြန်လည် ကြိတ်ချေပြီး ပစ္စည်း အသစ်တစ်ခုအဖြစ် ထုတ်လုပ်၊ ပြန်သုံးလို့ ရတဲ့ အကြောင်းပါ။
သူ့အဲ့ဒီ့ စင်တာက ပြန်လာပြီး သူ့မိဘတွေကို အကူအညီတောင်းပါတယ်။ အိမ်နီးနားချင်းတွေရဲ့ အမှိုက်တွေကို လိုက်ကောက်တာတွေ၊ အသုံးမလိုတဲ့ စွန့်ပစ် ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းပေးတာတွေ လုပ်ဖို့လည်း ခွင့်တောင်းရတော့တာပေါ့။ အိမ်နီးနားချင်းတွေက ရိုင်ယန့်ကို အမှိုက်တွေလာသိမ်းဖို့ဆိုရင် ပိုက်ဆံဘယ်လောက်၊ ရေသန့်ဘူး၊ အချိုရည်ဘူးဆိုရင် ပိုက်ဆံ (လုပ်အားခ) ဘယ်လောက်ဆိုတာလည်း သတ်မှတ်တဲ့အတိုင်း ပေးခဲ့ကြပါတယ်။


၂၀၁၆ ရောက်တော့ ရိုင်ယန် ဒီလိုလုပ်လာတာကို တီဗီ၊ အွန်လိုင်းဝက်ဘ်ဆိုဒ် အချို့နဲ့ ရေဒီယို အချို့ကပါ တင်ဆက်လာကြပါတယ်။ အဲ့ဒီ့နှစ်မှာပဲ အသက်ငယ်ငယ်နဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနေတဲ့ ရိုင်ယန်ဟာ DAR Certificate Of Recognition 2016 ဆုကို ရရှိခဲ့ပါတယ်။
၂၀၁၇ မှာတော့ အမေရိကရဲ့ နာမည်ကြီး တီဗီရှိုးတွေမှာ ရိုင်ယန့်ကို မြင်လာရပါပြီ။ ရိုင်ယန့် အဖေနဲ့ အမေကလည်း သူ့ကို ကူညီကြပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ အမှိုက်ကောက်လို့ရလာတာတွေကနေ ပြန်ရောင်းတာ ရိုင်ယန့်အတွက် အမေရိကန် ဒေါ်လာ ၁ သောင်း ဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အများပြည်သူနဲ့ ဆိုင်တဲ့ အသင်းတွေက ရိုင်ယန့်ကို ဆုတွေပေးပြီး ပိုမို အသိအမှတ်ပြုလာကြပါတယ်။ ၂၀၁၆ ကနေ ၂၀၂၀ ထိ လူမှုရေး အသိအမှတ်ပြုဆုတံဆိပ်ပေါင်း ၃၀ လောက် ရပြီးပါပြီ။
၂၀၁၈ မှာတော့ ရိုင်ယန်ရဲ့ အမှိုက်ကောက်လုပ်ငန်းက တော်တော်ကောင်းလာတယ်ပြောရပါမယ်။ အမေရိကန် ဒေါ်လာ ၂သောင်း ၁ထောင် ထိတောင် ရလာတယ်ခင်ဗျ။

သူက ရလာတဲ့ ပိုက်ဆံတွေကို စီမံခန့်ခွဲတာတွေလည်း လုပ်ပါသေးတယ်။ အများစုကတော့ သူ ကောလိပ်တက်ဖို့ ပိုက်ဆံ စစုတာပါ။ ပြီးတော့ သူက ရေနေ နို့တိုက်သတ္တဝါပြတိုက် Pacific Marine Mammal Centre ကိုလည်း ပိုက်ဆံတွေလှူပါသေးတယ်။ အခု ၂၀၂၀ အထိဆိုရင် သူလှူထားတာ ကန်ဒေါ်လာ 10244 တောင် ရှိပါပြီ။
ရိုင်ယန်ရဲ့ ၁၁ နှစ်သားအရွယ်မှာ ပိုင်ဆိုင်ထားတဲ့ ကိန်းဂဏန်းတွေက အထင်ကြီးစရာ ကောင်းပါတယ်။ အချိုရည်သံဘူးတွေ၊ ရေဘူးတွေ စုစုပေါင်း ၈ သိန်းကျော်တောင် သူက အမှိုက်ကောက်/စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရေးထဲ ရောက်အောင် ရှင်းလင်းပြီးပါပြီ။ ပေါင်ချိန်အနေနဲ့ဆို ရိုင်ယန်တို့ အမှိုက်ကောက် ကုမ္ပဏီက ရှင်းလင်းလာတာ ပေါင်ချိန် ၁သိန်း၁သောင်းကျော်ပါပြီ။
ရိုင်ယန် သူ့လုပ်ငန်းအောင်မြင်အောင် မိဘတွေကလည်း တတ်နိုင်သလောက် ကူညီကြပါတယ်။ မာကတ်တင်းကောင်းကောင်းလုပ်နိုင်ဖို့ ခက်ခက်ခဲခဲလည်း ကြိုးစားစရာမလိုသလောက်ပါ။ ရိုင်ယန်နဲ့ သူကောက်ထားတဲ့ အမှိုက်ပုံကြီး တွဲရိုက်ထားတဲ့ ပုံတွေဟာ လူတွေကို တကယ်ဆွဲဆောင်နိုင်တာပါပဲ။


ရိုင်ယန်ရဲ့ ဝက်ဘ်ဆိုဒ်နဲ့ ဖေ့ဘုတ်လည်း ရှိပါတယ်။
ryansrecycling.com နဲ့ Ryan Hickman (facebook) တို့ပါ။
ရိုင်ယန်ရဲ့ နှစ်ချီကြိုးစားမှုတွေက အလကားမဖြစ်ခဲ့ပါဘူး။ ရိုင်ယန်ရဲ့ ဝက်ဘ်ဆိုဒ်မှာ လာကြော်ငြာထားတဲ့ (ကျွန်တော်တို့အနေနဲ့ဆိုရင် Cross-branding လုပ်ထားတဲ့) လုပ်ငန်းပေါင်းဟာ ၃၀ နဲ့ ၅၀ ကြားရှိနေပါပြီ။ အားလုံးဟာ နာမည်ကြီး ကုမ္ပဏီကြီးများပဲ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံက အမှိုက်ကောက် ကလေးလေးတွေအားလုံးဟာ ရိုင်ယန်တွေပါပဲ။ သူတို့ဟာ ပလစ်စတစ်တွေ လိုအပ်တာထက်ပိုထုတ်နေမှုကို လျှော့ချနေကြသူတွေပါ။ ကျွန်တော်တို့ဆီက ရိုင်ယန်လေးတွေကိုလည်း မကြာခင် ကိုယ်ပိုင် အမှိုက်ကောက်လုပ်ငန်းကြီးတွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြု ရေးသားဖေါ်ပြလိုက်ပါတယ်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ ကျွန်တော်တို့၏ ဉာဏပစ္စည်းများအား Like & Share လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်။
Orio Economics

 

 

source: ryansrecycling, ryanhickman, photo, ryanrickman, today, brightside, pointsoflight

%d bloggers like this: