Aye Chan Myint

တရုတ် အလှကုန်ထုတ် ပညာရှင်များ ဘီလီယံနာအသစ်များဖြစ်လာ

အလှကုန်ဈေးကွက်သည် ကြီးမားသော ချမ်းသာကြွယ်ဝမှုပေးစွမ်းသည့် နေရာတစ်ခုဖြစ်လာပြီး တရုတ်အမျိုးသမီး ဘီလီယံနာအသစ်များစွာကိုလည်း မွေးထုတ်ပေးလာခဲ့သည်။

ဖန်တိုက်ဒီ (Fan Daidi) သည် Giant Biogene Holding Co., ပူးတွဲတည်ထောင်သူနှင့် Chief Scientific Officer (သိပ္ပံဆိုင်ရာအမှုဆောင်ချုပ်)တစ်ဦးဖြစ်ပြီး မကြာသေးမီကာလအတွင်း တတိယမြောက် တရုတ်အမျိုးသမီးဘီလီယံနာဖြစ်လာခဲ့သူဖြစ်သည်။

မျက်နှာလိမ်းခရင်မ်နှင့် mask ထုတ်လုပ်သည့် သူမ၏အလှကုန် ကုမ္ပဏီသည် ပြီးခဲ့သည့်လက ဟောင်ကောင်၌ အများပိုင်အဖြစ်ပြောင်းလဲခဲ့ပြီးနောက် Bloomberg Billionaire Index အရ သူမ၏ အသားတင်ချမ်းသာမှုမှာ ဒေါ်လာ၂.၆ ဘီလီယံသို့ခုန်တက်သွားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg Wealth
Photo: Getty Images

စစ်နှင့်ကိုဗစ်ကြားက ချမ်းသာလာခဲ့သည့် နည်းပညာကုမ္ပဏီ

ကိုဗစ်နှင့် ယူကရိန်း-ရုရှားစစ်ရေးကြောင့် စတော့ရှယ်ယာဈေးကွက် လှုပ်ခတ်မှု အလွန်ကြမ်းတမ်းခဲ့သော်လည်း အချို့သူများအတွက် ချမ်းသာကြွယ်ဝမှုနှင့် ကြီးမားလှသော ကံကြမ္မာအလှည့်အပြောင်းကိုလည်း ပေးခဲ့လေသည်။
 
ထို့အထဲကမှ အမြတ်ထွက်ခဲ့သူတစ်ဦးမှာ quantitative trading firm တစ်ခုဖြစ်သည့် XTX Markets ကုမ္ပဏီတည်ထောင်သူ Alex Gerko ဖြစ်သည်။ အသက် ၄၃ နှစ်အရွယ် Gerko သည် Seutsche Bank တွင် စတော့ရှယ်ယာရောင်းဝယ်သူတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းစတင်ခဲ့သည်။ ယခုအခါ Bloomberg Billionaires Index အရ XTX က Gerko ကို ၇ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံချမ်းသာအောင်လုပ်ပေးခဲ့ပြီးပြီဖြစ်သည်။
 
လန်ဒန်အခြေစိုက် သူ၏လုပ်ငန်းသည် နေ့စဉ် ဒေါ်လာ ဘီလီယံ ၃၀၀ နီးပါးကိုင်တွယ်ပေးနေရပြီး နယူးယော့ခ်၊ ပဲရစ်၊ စင်ကာပူ၊ မွန်ဘိုင်း၊ ယရီဗန်နှင့် အာမေးနီးယားတို့တွင် ရုံးခွဲများဖွင့်လှစ်ထားသည်။
 
XTX Markets သည် အယ်လဂိုရစ်သမ်ကိုထိရောက်စွာ အသုံးချပြီး ရှုပ်ထွေးသောတွက်ချက်၊ ဖော်မြူလာများသုံးကာ စတော့နှင့်ငွေကြေးဈေးကွက်အတွက် ဝန်ဆောင်မှုပေးသည့် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာကုမ္ပဏီဖြစ်သည်။
 
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg Wealth, XTX Markets.
Photo: Bloomberg

အိန္ဒိယအကြီးဆုံးဆေးရုံကြီး AIIMS website အဟက်ခံရ၊ ဟက်ကာများက Bitcoin ပေးရန်တောင်းဆို

အိန္ဒိယအကြီးဆုံးဆေးရုံကြီး All India Institute of Medical Science (AIIMS) ဝဘ်ဆိုက် ဟက်ခ် (hack) ခံရသည်မှာ ၈ရက်အထိ ရောက်ရှိလာခဲ့သည်။ ဟက်ခ်ခံရ၍ အချက်အလက်ပေါက်ကြားမှုကြောင့် ဆေးရုံ၏ smart lab ၊ လူနာမှတ်ပုံတင်ခြင်း၊ ငွေပေးချေခြင်း၊ ရီပို့ထုတ်ပြန်ခြင်း၊ ဆေးရုံအပွိုင့်မန့်ချိန်းဆိုခြင်း စသည့် ဒီဂျစ်တယ်ကျန်းမာရေးဝန်ဆောင်မှုများ အချက်အလက်များပေါက်ကြားခဲ့သည်။ ဟက်ခံရပြီး ၁ ပတ်အကြာတွင် ဒေတာများကို ဆာဗာပေါ်သို့ ပြန်လည်ရယူထားသော်လည်း သန်းနှင့်ချီသောလူနာအချက်အလက်ပမာဏကြောင့် ဒေတာအကုန်ပြန်ရရန် အချိန်ကြာဦးမည်ဟုဆိုသည်။

ဟက်ကာများက လူနာ သန်း ၂၀၀၀ အချက်အလက်များအတွက် ဆုကြေးရယူလိုကြောင်းတောင်းဆိုထားကာ Bitcoin ဖြင့်ပေးချေရမည်ဟုဆိုသည်။ မဟုတ်ပါက လူနာ သန်း ၄၀ ၏အချက်အလက်များကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ထားသည်။

Source: Times of India
Photo: Getty Images

ရည်မှန်းချက်ကြီးလှသော အိန္ဒိယပထမဆုံးပုဂ္ဂလိကဒုံးပျံကုမ္ပဏီ

အိန္ဒိယ၏ ပထမဆုံးပုဂ္ဂလိက ဒုံးပျံကုမ္ပဏီသည် ၂၀၂၃ ခုနှစ်တွင် အာကာသပတ်လမ်းအတွင်းသို့ ကုန်ကျစရိတ်ထက်ဝက်ဖြင့် ဒုံးပျံလွှတ်တင်နိုင်ရန် ကြိုးပမ်းနေကြောင်း Skyroot Aerospace တည်ထောင်သူကဆိုသည်။

နောက်ကွယ်၌ စင်ကာပူကငွေကြေးထောက်ပံ့ပေးထားပြီးဟိုက်ဒရာဘတ်အခြေစိုက် ကုမ္ပဏီသည် သူရရှိထားသည့် ရန်ပုံငွေ ဒေါ်လာ ၆၈ သန်းဖြင့် နောက်ထပ် လွှတ်တင်မှု(၂)ကြိမ် လုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ထားသည်ဟုဆိုသည်။ ထို့အပြင် အလားအလာရှိသည့် customers ၄၀၀ ကျော်ဖြင့် ဆက်သွယ်ချိတ်ဆက်နေသည်ဟုဆိုသည်။

ထောင်၊ သောင်းချီသည့်အသေးစားဂြိုလ်တုများကို လာမည့်နှစ်အနည်းငယ်အတွင်း လွှတ်တင်ရန်ရှိပြီး SpaceX ၏ Starlink အား broadband ဝန်ဆောင်မှုပေးခြင်း၊ ကမ်းလွန်ရေနံစင်များ ကြီးကြပ်ထိန်းချုပ်ခြင်း၊ supply chain များထောက်လှမ်းပေးနေသည့် application များကိုစွမ်းအင်ပံ့ပိုးခြင်းတို့ လုပ်ဆောင်ပေးရန်ဖြစ်သည်ဟုဆိုသည်။

Skyroot သည် ကုန်ကျစရိတ်လျှော့ချရန် ရည်မှန်းချက်ကြောင့် ပြိုင်ဖက်ကုမ္ပဏီများစွာနှင့် ပြင်းထန်စွာ ယှဉ်ပြိုင်ရဖွယ်ရှိသည်။ တရုတ် Galactic Energy ကုမ္ပဏီက ပြီးခဲ့သည့်အပတ်တွင် (၄) ခုမြောက်ဂြိုလ်တုကို ပတ်လမ်းသို့အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ဂျပန်ကလည်း Canon Electronics ကျောထောက်နောက်ခံပြုထားသည့် Space One အာကသကုမ္ပဏီက တစ်နှစ်လျှင် ဂြိုလ်တုငယ်ပေါင်း (၂၀) လွှတ်တင်နိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

Skyroot သည် ပြီးခဲ့သည့်အပတ်က စမ်းသပ်ဒုံးပျံလွှတ်တင်ခဲ့သည့် ဒုံးပျံအား Richard Branson ၏ Virgin Orbit ၊ ကယ်လီဖိုးနီးယားအခြေစိုက် Rocket Lab USA စသည့် ပြိုင်ဖက်ကုမ္ပဏီများ၏ ကုန်ကျစရိတ်ထက် ၅၀% လျှော့ချရန်ကြိုးပမ်းလျက်ရှိသည်။

မိုဒီ အစိုးရသည် လက်ရှိ ကမ္ဘာ့အာကာသဈေးကွက်ရှိ အိန္ဒိယ၏ ၁% ဝေစုကို တိုးမြှင့်အောင် ရင်းနှီးမြှုပ်နှံသူများအားအားပေးထောက်ခံလျက်ရှိသည်။ အိန္ဒိယသည် ယခင်က အစိုးရအာကာသသုတေသနအဖွဲ့ (Indian Space Research Organization-ISRO) နှင့်စာချုပ်ချုပ်ဆိုထားသူများသာ လုပ်ဆောင်ခွင့်ပြုခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် ပုဂ္ဂလိကဂြိုလ်တုကုမ္ပဏီငယ်များကို ဖွင့်လှစ်ပေးခဲ့ပြီး အေဂျင်စီအသစ်များကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။

၂၀၁၄ ခုနှစ် အိန္ဒိယ မားစ်ဂြိုလ်ခရီးစဉ်မှာ ဒေါ်လာ ၇၄ သန်းသာကုန်ကျခဲ့ပြီး ဟောလီးဝုဒ် အာကာသရုပ်ရှင် “Gravity” ရိုက်ကူးရေးကုန်ကျစရိတ်ထက်ပင် သက်သာခဲ့သည်။

ထုတ်လုပ်ရေးကုန်ကျစရိတ် စံချိန်တင်သက်သာခြင်းက အိန္ဒိယအတွက် အဓိကကျသည်ဟု Chandana ကဆိုသည်။ Skyroot ကို ၂၀၁၈ တွင် Chandana နှင့် Daka တို့က ISRO မှ အလုပ်ထွက်ပြီးတည်ထောင်ခဲ့သည်။ ယခုအခါ လက်ရှိကုန်ကျစရိတ်ထက် ၅ ပုံ ၁ ပုံအထိသက်သာသော ဒုံးပျံများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။

ပြီးခဲ့သည့်အပတ်တွင် ၈၉.၅ ကီလိုမီတာအထိလွှတ်တင်နိုင်ခဲ့သည့် Skyroot ဒုံးပျံသည် 3D- printer ဖြင့်ထုတ်လုပ်ထားသော အစိတ်အပိုင်းများနှင့် ကာဗွန်-ဖိုင်ဘာသုံးပစ္စည်းများပါဝင်သောကြောင့် အလေးချိန်နှင့် ကုန်ကျစရိတ်များ ၃၀% ထိရောက်အောင် လျှော့ချနိုင်ခဲ့သည်ဟု ကုမ္ပဏီကဆိုသည်။

3D printing ဖြင့် (၂) ရက်အတွင်း ဒုံးပျံတစ်စင်းထုတ်လုပ်နိုင်ကာ အနာဂတ်တွင် SpaceX ကဲ့သို့ ပြန်သုံးနိုင်သည့်  reusable rockets များ ထုတ်လုပ်နိုင်လိမ့်မည်ဟု ကုမ္ပဏီကဆိုသည်။ Chandana နှင့် Daka တို့သည် လက်ရှိတွင်ဒေါ်လာသောင်းချီနေသည့် ဒုံးပျံကုန်ကျစရိတ်ကို ၁ ကီလိုမီတာအတွက် ၁၀ ဒေါ်လာအထိလျှော့ချနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

SpaceX သည် ဆန်းသစ်တီထွင်မှု၏ ရှေ့ဆောင်လမ်းပြကောင်းဖြစ်ပြီး Musk မှာ သူတို့၏ Idol  ဖြစ်သည်ဟု Chandana ကဆိုသည်။ SpaceX ၏ဖခင်ကြီး Musk နှင့် မဆုံရသေးသော်လည်း တွေ့ဆုံစကားပြောခွင့်ရရန်မျှော်လင့်ထားကြောင်း ယခုအချိန်တော့ Musk တစ်ယောက် Twitter နှင့်အလုပ်ရှုပ်နေလိမ့်မည်ဟု Chandana ကဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: Getty Images

တရုတ် Shenzhen Energy နှင့် BP နှစ်ရှည် LNG ဓါတ်ငွေ့စာချုပ်ချုပ်ဆို

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ တရုတ်၏ မြင့်တက်လာဦးမည့် သဘာဝဓါတ်ငွေ့ (LNG) လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်ရည်ရွယ်၍ တရုတ် Shenzhen Energy Group က BP နှင့် နှစ်ရှည်သဘောတူညီချက်စာချုပ်ချုပ်ဆိုခဲ့သည်။

အဆိုပါစာချုပ်သည် Shenzhen Energy ၏ပထမဆုံး နိုင်ငံတကာ LND နှစ်ရှည်သဘောတူညီချက်ဖြစ်ပြီး BP Singapore ကုမ္ပဏီနှင့် ပထမဆုံးကာလရှည်စာချုပ်ဖြစ်ကြောင်း တရုတ်ကုမ္ပဏီက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ကွမ်ဒေါင်းပြည်နယ်နှင့် ရှန်းကျန့်မြို့တော်တို့၏ စွမ်းအင်လုံခြုံ၊ တည်မြဲရေးအတွက် Shenzhen Energy Group က ဂတ်စ်ပါဝါစက်ရုံများ တည်ဆောက်နေပြီး ၂၀၂၄ တွင်စတည်လည်ပတ်ကာ ဝယ်လိုအားသိသိသာသာမြင့်တက်လာလိမ့်မည်ဟု ၎င်းကဆိုသည်။

လာမည့်ဆောင်းရာသီအတွက် တရုတ် LNG တင်သွင်းသူများက ရုရှားနှင့်ရေရှည်စာချုပ်ချုပ်ဆိုကာ ရုရှားကိုမှီခိုနေမည့်အစား ဈေးနှုန်းမြင့်တက်၍ ကြမ်းတမ်းသောဈေးကွက်ကို ကျော်လွှားနိုင်ရန်မျှော်လင့်လျက်ရှိသည်။

သဘာဝဓါတ်ငွေ့ နှင့်စွမ်းအင်ဈေးကွက် မငြိမ်သက်မှုကြောင့် ဝယ်သူများမှာ ကာလရှည်သဘောတူစာချုပ်မျိုးကိုသာချုပ်ဆိုရန် လိုလားကြသည်။

QatarEnergy သည် တရုတ် Sinopec နှင့် ၂၇ နှစ်ကြာ LNG ဓါတ်ငွေ့ထောက်ပံ့ပေးရန်သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ပြီး သက်တမ်းအကြာဆုံးစာချုပ်တစ်ခုလည်းဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: Getty Images

Twitter ပေါ်တွင်ငွေပေးကြော်ငြာမှု ရပ်ဆိုင်းဟု Volkswagen ဆို

Elon Musk က Twitter အားလွှဲပြောင်းရယူပြီးနောက် Audi, VW, Seat, Cupra, Lamborghini, Bentley, Ducati နှင့် Porsche တို့ပိုင်ဆိုင်သည့် Volkswagen ကားကုမ္ပဏီကြီးက ယခုလအစောပိုင်းမှစ၍ ၎င်း၏ Brand များအားလုံး Twitter ပေါ်တွင်အခကြေးငွေပေးကြော်ငြာများအားလုံးရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

Website မှတဆင့် customers များ၏မေးခွန်းများ ဖြေဆိုခြင်းကလွဲ၍ Twitter ပေါ်တွင် direct post တင်ခြင်းကဲ့သို့ လှုပ်ရှားမှုများအားလုံးကို ရပ်နားလိုက်ကြောင်း Volkswagen ၏တာဝန်ရှိသူတစ်ဦးကဆိုသည်။

Audi သည် ယခင်က နေ့စဉ်နီးပါး Twitter ပေါ်တွင် post တင်ခြင်းများပြုလုပ်လေ့ရှိသော်လည်း နိုဝင်ဘာလ (၁) ရက်နေ့မှစတင်၍ တွိခြင်း (စာတင်ခြင်း) မရှိတော့ပေ။

Elon Musk သည် ပြီးခဲ့သည့်အောက်တိုဘာလနှောင်းပိုင်းတွင် Twitter ကိုဝယ်ယူခဲ့သည်။

 

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: Reuters Business

Photo: Getty Images

ဆိုဗီယက်ခေတ် Moskvich ကားများ ရုရှားပြန်လည်ထုတ်လုပ်

ဆယ်စုနှစ်နှစ်စုကြာ ရပ်ဆိုင်းထားခဲ့သည့် ဆိုဗီယက်ခေတ် Moskvich အမှတ်တံဆိပ် မော်တော်ကားများအား Renault စက်ရုံဟောင်းနေရာတွင် ပြန်လည်စတင်ထုတ်လုပ်နေကြောင်း ရုရှားစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Renault သည် ကားထုတ်လုပ်သူ Avtovaz ရှိသူ၏ရှယ်ယာများကို မေလထဲတွင် ရုရှားထံသို့ ၁ ရူဘယ်မျှဖြင့်သာ ရောင်းချခဲ့ပြီး စက်ရုံကိုလည်းရောင်းချခဲ့ကာ စက်ရုံအား Moscow Automobile Factory Moskvis ဟုအမည်ပြောင်းလဲခဲ့သည်။

ယခုနှစ်အတွက် ကားအစီးရေ ၆၀၀ သာထုတ်လုပ်ရန်လျာထားပြီး၊ ရုရှားခေတ်သစ်သမိုင်းတွင် ပထမဆုံးအဖြစ် နှစ်စဉ်ရောင်းအား ဒေါ်လာ ၁ သန်းအောက်သာ ရရှိမည်ဟု ခန့်မှန်းထားသည်ကို ကြည့်ခြင်းအားဖြင့် Moskvich ကားပြန်လည်ထုတ်လုပ်ခြင်းမှာ ကျယ်ပြန့်လှသော ကားလောကအလယ်၌ ရေပန်းသိပ်စားမည်မဟုတ်ဟု ခန့်မှန်းရသည်။

သို့သော် Moskvich ကိုပုံပြောင်းထားသည့် “Muscovite” မှာလှည့်ကွက်တစ်ခုအဖြစ် ထွက်ပေါ်လာလိမ့်မည်ဟုလည်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ တရုတ်ကားထုတ်လုပ်သူ JAC ၏ဒီဇိုင်း၊ နည်းပညာနှင့် ထုတ်လုပ်ရေး ပလက်ဖောင်းများကို Brand ထုတ်လုပ်ရေးအတွက် အသုံးပြုသွားမည်ဟုလည်းဆိုသည်။

ရုရှားနိုင်ငံအား နိုင်ငံခြားကားထုတ်လုပ်သူများ စွန့်ခွါသွားကြပြီး အနောက်နိုင်ငံများကလည်း ဆန်ရှင်ပိတ်ဆို့ထားသောကြောင့် ရုရှားမှာ နိုင်ငံခြားထုတ် ကားအစိတ်အပိုင်းများရရှိရန် အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိသည်။

ရုရှားကားထုတ်လုပ်သူ Kamaz သည် အစိုးရနှင့်ပူးပေါင်း၍ Supply Chain အသစ်များ ဖော်ဆောင်လျက်ရှိသည်။ ပြည်တွင်း ထုတ်လုပ်သူများ ပံ့ပိုးပေးမှုကြောင့် ၂၀၂၃ နှစ်ကုန်တွင် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ပေါ်လာမည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၄ သောင်းဖန်တီးပေးနိုင်လိမ့်မည်ဟု ဝန်ကြီးဌာနက ဆိုသည်။

အော်တို (သို့မဟုတ်) မန်နျူရယ်ဂီယာသုံး ဓါတ်ဆီ Crossover ကားအဖြစ်ထုတ်လုပ်ထားသည့် “Moskvich 3” ကိုဒီဇင်ဘာလတွင်စတင်ရောင်းချမည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images

Berkshire Hathaway ကတရုတ်လျှပ်စစ်ကား BYD ရှယ်ယာ သန်း၈၀ကျော်ဖိုးထုတ်ရောင်း

ဝါရင်းဘတ်ဖတ်ပိုင်ဆိုင်သော Berkshire Hathaway ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးက ဟောင်ကောင် စတော့အိတ်ချိန်း စာရင်းဝင် လျှပ်စစ်ကားကုမ္ပဏီကြီး BYD မှအစုရှယ်ယာပေါင်း အမေရိကန် ဒေါ်လာ ၈၀.၆၇ သန်းဖိုး ထုတ်ရောင်းခဲ့ကြောင်း စတော့အိတ်ချိန်းဖော်ပြသော ဒေတာများအရ သိရှိရသည်။
 
ရှယ်ယာထုတ်ရောင်းခဲ့မှုကြောင့် Berkshire ၏ BYD ရှယ်ယာပိုင်ဆိုင်မှု ၁၆.၂၈%မှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၁၅.၉၉% ထိကျဆင်းသွားကြောင်း ဟောင်ကောင်စတော့အိတ်ချိန်းက ယနေ့အင်္ဂါနေ့က ဖော်ပြထားသည်။
 
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images

ကမ္ဘာ့ဖလားအားကစားရုံများ၌ အရက်ဘီယာရောင်းချမှု ပိတ်ပင်ထား

ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ၂ ရက်အလိုတွင် FIFA တာဝန်ရှိသူများနှင့် အိမ်ရှင်နိုင်ငံ၏ သဘောတူညီမှုအရ အားကစားကွင်း ၈ခု၌ အရက်ဘီယာ ရောင်းချမှု ပိတ်ပင်လိုက်သည်။

ကမ္ဘာ့ဖလား ဘီယာစပွန်ဆာ၊ Budweiser ၏မိခင်ကုမ္ပဏီကြီး AB InBev သည် ကမ္ဘာ့ဖလားပွဲစဉ်များအတွင်း အထူးသီးသန့် ဘီယာရောင်းချခွင့်အတွက် ဒေါ်လာ သန်းပေါင်းများစွာ စပွန်ဆာပေးထားပြီး၊ ဗြိတိန်မှ ဘီယာစည်ပေါင်းများစွာ ကာတာသို့သယ်ဆောင်လာကာ သန်းနှင့်ချီသော ပရိတ်သတ်များအား ရောင်းချပေးရန်မျှော်လင့်ထားသည်။ ပွဲအခမ်းအနား မစမီ ၂ ရက်အလို မှထွက်ပေါ်လာခဲ့သည့် အရက်ဘီယာရောင်းချခွင့်ပိတ်ပင်မှုနှင့် ပတ်သက်၍ ကုမ္ပဏီအားမေးမြန်းထားသော်လဲ ပြန်လည်ဖြေကြားထားခြင်းမရှိသေးပေ။

AB InBev သည် ၁၉၈၆ ခုနှစ်ကတည်းက FIFA နှင့်အတူလက်တွဲလာခဲ့သူဖြစ်ပြီး မြောက်အမေရိကားတွင် ကျင်းပမည့် နောက်ထပ် ကမ္ဘာ့ဖလားပွဲအတွက်လည်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

သတ်မှတ်ထားသည့် ကမ္ဘာ့ဖလား အားကစားရုံနှင့် အနီးပတ်ဝန်းကျင်တွင် အရက်သေစာ ရောင်းချခွင့်မပြုထားသော်လည်း ဧည့်ခံနေရာများ၌ ရှန်ပိန်၊ ဝိုင်၊ ဝီစကီနှင့် အခြားအရက်သေစာများ ရောင်းချလိမ့်မည်ဟု မျှော်မှန်းထားသည်။

ပုံမှန်ရိုးရိုး လက်မှတ်ကိုင်ဆောင်ထားသူများအား သတ်မှတ်ထားသည့်နေရာများလွဲ၍ ပြင်ပနေရာများ၌ ဘီယာတစ်မျိုးတည်းသာ ရောင်းချပေးသွားမည်ဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images

ဘာလီ G20 Summit သို့ ရုရှားသမ္မတပူတင် လူကိုယ်တိုင်တက်ရောက်မည်မဟုတ်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လာမည့်သီတင်းပတ်တွင်ကျင်းပမည့် G20 ထိပ်သီးခေါင်းဆောင်အစည်းအဝေးပွဲသို့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်မည်မဟုတ်ဟု ရုရှားနှင့် အင်ဒိုနီးရှားမှ တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားအား အစည်းအဝေးပွဲသို့မဖိတ်ရန် အင်ဒိုနီးရှားနိုင်ငံအား အနောက်နိုင်ငံများက ဖိအားပေးလျက်ရှိသည်။

ပူတင်သည်လူကိုယ်တိုင်မတက်ရောက်သော်လည်း ဗီဒီယိုကွန်ဖရင့်မှတဆင့် တက်ရောက်နိုင်ချေရှိသည်ဟု အင်ဒိုနီးရှားရှိ ရုရှားသံရုံးမှ တာဝန်ရှိသူများကဆိုသည်။ ထို့နောက် ဘာလီကျွန်း၌ ကျင်းပမည့် အစည်းဝေးပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးချုပ် Sergei Lavrov က ပူတင်ကိုယ်စားပြုတက်ရောက်မည်ဟုလည်း ဆိုသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုသည် ရုရှား – ယူကရိန်းကျူးကျော်စစ်စတင်ပြီးနောက် ကမ္ဘာ့ခေါင်းဆောင်ကြီးများ ပထမဆုံးအကြိမ်တွေ့ဆုံမည့် ယခုစည်းဝေးပွဲ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ပြေလည်အောင် ညှိနှိုင်းရန် ကြိုးပမ်းလျက်ရှိသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: Getty Images